တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပဋိပက္ခများကိုလျှော့ချနိုင်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၃၀ ရက်တွင်ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ပေးပို့သော သဝဏ်လွှာ၌ ရေးသားပြောဆိုခဲ့သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည်ထောင်စုတစ်ဝန်း အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်ဟု ပြောသည်။
နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရန် နစက အနေဖြင့်အလေးထားဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ တစ်ဦးနှင့်တစ်ဦးကြား ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေါ်ပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများကိုလျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့်ဖြေရှင်းနိုင်သည်ဟု ပြောသည်။
နစက သည် ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှရရှိလာသည့် သဘောထားမှတ်ချက်များကိုလည်း နောင်လာမည့် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ်တမ်းတင်ဆောင်ရွက်ထားသည်ဟု ပြောသည်။
” တွေ့ဆုံဆွေးနွေးမှုတွေအတွက် အစဉ်အမြဲဖိတ်ခေါ်ကြိုဆိုပြီး တံခါးဖွင့်ထားပါတယ်။ ရှေ့ဆက်ပြီးလည်း ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမှာပါ။ ဒီနေ့ နိုင်ငံတော်မှာ လိုအပ်လျက်နေတဲ့ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကရင်ပြည်နယ်က ကရင်တိုင်းရင်းသားတွေအပါအဝင် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ပြင် တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ ပြည်သူပြည်သားအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းသာယာစွာနေထိုင်နိုင်ခြင်း၊ ပညာသင်ကြားနိုင်ခြင်း၊ အလုပ်အကိုင်များလုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းတို့ဖြစ်သည်ဟု ပြောသည်။
ထို့ကြောင့် ကရင်ပြည်နယ်အပါအဝင် မိမိတို့နေထိုင်ရာ နေရာဒေသများအတွင်း တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများလျော့နည်းပပျောက်လာစေရန် အချင်းချင်းဝိုင်းဝန်းဆောင်ရွက်၍ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ခြင်းဖြင့် ပြည်ထောင်စုကြီး အေးချမ်းသာယာဝပြောရေး ဖော်ဆောင်ကာ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကောင်းများကို ပိုမိုရရှိနိုင်စေရန် ဆောင်ရွက်ကြရမည်ဟုလည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။