အာတိတ်ကျွန်းကို ရယူထိန်းချုပ်လိုကြောင်း ထုတ်ဖော်ပြောဆိုထားသည့် အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်နှင့် ပြောဆိုဆွေးနွေးရန် သူ အသင့်ရှိကြောင်း ဂရင်းလန်းဝန်ကြီးချုပ် Mute Egede က သောကြာနေ့တွင် ပြောဆိုလိုက်ပြီး ကျွန်းဒေသ၏ လွတ်လပ်လိုသောဆန္ဒများကို လေးစားရန် တိုက်တွန်းခဲ့သည်။
ဇန်နဝါရီ ၂၀ ရက်တွင် ရာထူးတာဝန်ထမ်းဆောင်မည့် ထရမ့်ပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစ်စိတ်တစ်ပိုင်းရ ဒိန်းမတ်ပိုင်နက် ဖြစ်သော ကျွန်းကို အမေရိက,က ထိန်းချုပ်နိုင်ရေးသည် မရှိမဖြစ်လိုအပ်သည်ဟု ပြောဆိုခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ သူ့အနေဖြင့် ဒိန်းမတ်နိုင်ငံကို အခွန်းစည်းကြပ်မှုများအပါအဝင် စစ်ရေး၊ စီးပွားရေးအရ ဖိအားပေးလာနိုင်ခြေကို ပယ်ချမည်မဟုတ်ဟုလည်း ဆိုထားသည်။
ကိုပင်ဟေဂင်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သူနှင့် ထရမ့်ပ် အဆက်အသွယ်ရှိ မရှိ မေးမြန်းခဲ့မှုကို Egede က “မရှိပါဘူး၊ ဒါပေမယ့် စကားပြောဆိုကြဖို့ရာတော့ အသင့်ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen လည်း တက်ရောက်ရှင်းလင်းခဲ့ပြီး ထရမ့်ပ်နှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့ကြောင်း သို့ရာတွင် သူ ကျမ်းကျိန်ဆိုပြီးချိန်မှသာ ဖြစ်နိုင်ဖွယ်ရှိကြောင်း ကြာသပတေးနေ့တွင် ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။