ဝါရှင်တန်၊ဇန်နဝါရီ ၂၅
အသစ်တက်လာသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထရမ့်ပ်အစိုးရအနေဖြင့် အမေရိကနှင့်အမေရိကန်ပြည်သူများ၏ အကျိုးစီးပွားမှလွဲ၍ ကျန်သည့်အရာများကိုအာရုံထားမည်မဟုတ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ပြောကြားခဲ့သည်။
ထရမ့်ပ်အစိုးရအနေဖြင့် အမေရိကအကျိုးစီးပွားအတွက်ဦးစားပေးသည့် တရုတ်နှင့်ဆက်ဆံရေးကိုဖော်ဆောင်မည်ဖြစ်သည်ဟုလည်း ဝမ်ကို ၎င်းကပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦးအကြား ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုသည် မစ္စတာမာကို ကျမ်းကျိန်ပြီးရက်ပိုင်းအတွင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် စိတ်အားထက်သန်မှုကိုပြသနေခြင်းလည်းဖြစ်သည်။
နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများသည် ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးကိုထိန်းသိမ်းကာ မတူကွဲပြားမှုများကို အကောင်းဆုံးစီမံခန့်ခွဲကိုင်တွယ်ပြီးနေထိုင်သွားကြရန်လည်းသဘောတူညီခဲ့ကြသည်။
ဆက်လက်၍ ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီးဆွေးနွေးရာ၌ တရုတ်အနေဖြင့် ပြည်မမှထိုင်ဝမ်ခွဲထွက်သွားမည်ကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ဝမ်ယိကပြောကြားခဲ့သည်။
ထိုအခါ မစ္စတာရူဘီယိုက အမေရိကအနေဖြင့်လည်း ထိုင်ဝမ်လွတ်လပ်ရေးအတွက် ထောက်ခံအားပေးမည်မဟုတ်ကြောင်းပြန်လည်တုန့်ပြန်ပြောကြားခဲ့သည်။
Source : ကျိုဒို