ထိုင်းငါးဖမ်းစက်လှေများအား မြန်မာ့တပ်မတော်(ရေ)မှ ထိုင်းရေပိုင်နက်အတွင်းဝင်ရောက်ဖမ်းဆီးခဲ့ခြင်းမဟုတ်ဘဲ မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်၍ ငါးဖမ်းနေသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ထိခိုက်ေ-သဆုံးမှုမရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိထားသူများမှာလည်း ကောင်းမွန်စွာရှိနေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဒီဇင်ဘာ ၂ ရက်က ရှင်းလင်းပြောကြားခဲ့ပြောသည်။
ဖြစ်စဥ်မှာ နိုဝင်ဘာ ၃၀ ရက်နံနက် ၂ နာရီ ၄၀ မိနစ်ခန့်က ကော့သောင်းမြို့နယ်ရှိ မြန်မာ့ရေပိုင်နက်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် မြန်မာ့စစ်ရေယာဥ်တစ်စီးသည် လှုပ်ရှားနေသော မသင်္ကာဖွယ်လှုပ်ရှားမှု(၅)ခုအား ရေဒါမှတစ်ဆင့်တွေ့ရှိခဲ့သဖြင့် ယင်းနေရာအားသွားရောက်စစ်ဆေးရာ ငါးဖမ်းစက်လှေများဖြစ်ကြောင်းတွေ့ရှိရ၍စစ်ဆေးရန် မီးအချက်ပြရာ ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ကြသည်ဟု ဆိုသည်။
ထို့ကြောင့် နံနက် ၃ နာရီ ၂၀ မိနစ်တွင် ထိုင်းငါးဖမ်းစက်လှေတစ်စီးအား မြန်မာနိုင်ငံသား(၂၇) ဦး၊ ထိုင်းနိုင်ငံသား(၄)ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် နံနက် ၅ နာရီ၌ မြန်မာ-ထိုင်းနယ်စပ် ရနောင်းမြို့ရှိ ထိုင်းနိုင်ငံတာဝန်ရှိသူများအား မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်ငါးဖမ်းသည့် ထိုင်းစက်လှေတစ်စီးကို လှေလုပ်သားများနှင့်အတူ ဖမ်းဆီးရမိထားကြောင်းအား တရားဝင်ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း ပြောသည်။
“ကနဦးစစ်ဆေးချက်အရ ဖမ်းမိခဲ့တဲ့စက်လှေဟာ ရနောင်းမြို့မှာရှိတဲ့ ထိုင်းနိုင်ငံသားတစ်ယောက်ပိုင်တယ်။ ရနောင်းဆိပ်ကမ်းကနေ နိုဝင်ဘာ ၂၉ ရက်ညနေ ၃ နာရီကထွက်လာပြီး မြန်မာ့ရေပိုင်နက်ထဲကို ည ၉ နာရီလောက်မှာရောက်ပြီး ငါးဖမ်းခဲ့ကြတယ်။ လစာအနေနဲ့ဆိုရင် ထိုင်းနိုင်ငံသားတစ်ယောက်ကို ဘတ် ၁၅၀၀၀၊ မြန်မာနိုင်ငံသားတစ်ယောက်ကို ဘတ် ၁၂၀၀၀ လောက်ရတယ်လို့ ဖော်ထုတ်သိရှိထားပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ထို့ပြင် ဖမ်းဆီးရမိသူများနှင့်အတူ လက်နက်ခဲယမ်းမဟုတ်သည့် အကြမ်းဖက်အဖွဲ့များနှင့်ဆက်နွယ်နေသော ပစ္စည်းများတွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။
ထို့ကြောင့် ယခုဖြစ်စဥ်အား လှုံ့ဆော်ရေးသားခြင်းသည် နှစ်နိုင်ငံ အထင်အမြင်လွဲမှားစေရန် ဦးတည်ဆောင်ရွက်ခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်၍ အစိုးရချင်း၊ တပ်မတော်ချင်းပါကောင်းမွန်သည့် အဆက်မပြတ်သောဆက်သွယ်ဆောင်ရွက်မှုများရှိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေး ပြောကြားခဲ့သည်။