ထိုင်းနိုင်ငံအတွင်း နေထိုင်သည့် အထောက်အထားမဲ့ နိုင်ငံခြားသားများကို ဒီဇင်ဘာလ ၃၁ ရက်မှစတင်၍ တရားဝင်နေထိုင်ခွင့် (ဘတ်ကတ်) ပြုလုပ်ပေးမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားအပါအဝင် လာအို ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယားနိုင်ငံသားများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ဆိုထားသည်။
” ဟုတ်တယ်ဗျ။ ဘတ်လုပ်ပေးပါမယ်။ ကုန်ကျစရိတ်က ၁၇ သိန်းလောက်တော့ ကုန်မယ်တော့ကြားတယ်။ ဘာဘဲဖြစ်ဖြစ် နေထိုင်ခွင့်အတွက် လုပ်ပေးတာကိုဘဲ ကျေးဇူးတင်ရမှာပါ။ ဒီမှာရောက်နေတဲ့သူတွေက ဘတ်လုပ်ပေးမှာကိုဘဲ မျှော်နေတာ”ဟု ချင်းမိုင်မြို့ရောက် မြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။
အဆိုပါ အထောက်အထားမဲ့ နိုင်ငံသားများကို ဘတ်ကတ်ပြုလုပ်ပေးရာ၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၂၆ ခုနှစ်မတ်လ ၃၁ အထိ ၁ နှစ် ၃ လကြာ သက်တမ်းအထိ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ၌ သက်တမ်းကုန်မည့် ယခင် လူဟောင်းများအား MOU ပုံစံဖြင့် တစ်ကြိမ် သက်တမ်းတိုးပါကသက်တမ်း ၂ နှစ်အထိ တိုးခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။