ထိုင်းနိုင်ငံ ကျောက်ခက်မြို့နယ်၌ကားမှောက်မှုတွင် ဖမ်းဆီး၊ဒဏ်ရာရခဲ့သည့် တရားမဝင်မြန်မာ နိုင်ငံသားများအား မြန်မာအလုပ်သမားသံအရာရှိသွားရောက်တွေ့ဆုံ
ထိုင်းနိုင်ငံ၊မဲဆောက်မြို့ရှိ မြန်မာ အလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံအရာရှိက ဧပြီ ၇ ရက်တွင် ဖိုးဖရခရိုင်၊ဖိုးဖရရဲစခန်း၏ ခရိုင်ရဲမှူး၊မြန်မာနိုင်ငံသားများအား ခေတ္တထားရှိရာနေရာများသို့သွားရောက်တွေ့ဆုံခဲ့သည်။
ဖိုးဖရရဲစခန်း၌ ခရိုင်ရဲမှူးဖြင့်တွေ့ဆုံကာ အမှုအခြေအနေအားမေးမြန်း၍ အမှုအမြန်ပြီးပြတ်စေရေးနှင့်အလုပ်သမားများအားနေရပ်ပြန်နိုင်ရေးတို့အား ဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံသားများအား ခေတ္တထားရှိသည့် နေရာသို့သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။
မြန်မာနိုင်ငံသားများအားတင်ဆောင်လာသည့် Pickup ကားသည် တာ့ခ်ပြည်နယ်၊ဖိုးဖရခရိုင်၊ကျောက်ခတ်မြို့နယ်၊ယွတ်ဒွိုင်လမ်းမကြီးပေါ်၌ ဧပြီ ၅ ရက်နံနက် ၄ နာရီခန့်က အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
တိမ်းမှောက်မှုဖြစ်ပွားရခြင်းမှာ ယွတ်ဒွိုင်လမ်းမကြီးပေါ်၌ ယာဥ်စစ်ဆေးရေးအဖွဲ့က အဆိုပါကားအား စစ်ဆေးရန်တားဆီးစဥ် ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့၍ အရှိန်လွန်တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ကားမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် တရားမဝင်မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊အမျိုးသမီး ၁၃ ဦး(စုစုပေါင်း ၁၈ ဦး)အနက် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၄ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ(မြောက်ပိုင်း)၌ နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အခက်အခဲများရှိပါက အလုပ်သမားသံအရာရှိ(မဲဆောက်) ဖုန်း ၀၆၅၂၂၀၆၉၅၃ နှင့်အလုပ်သမားသံအရာရှိ(ချင်းမိုင်)ဖုန်း ၀၉၉၀၅၉၂၃၅၂ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။