ထိုင်းနှင့် ကစားမည့် ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲအတွက် ပဏာမ ကစားသမား ၂၅ ဦးစာရင်းကို
မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးက ယနေ့ နို၀င်ဘာ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ကစားသမား ၂၅ ဦးသည် Myanmar National League မှ ခြေစွမ်းပြကစားနေသည့် ကစားသမားများကို လေးပွင့်ဆိုင် ခြေစမ်းကစားစေပြီး ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ပြည်ပတွင် သွားရောက် ကစားနေသည့် ကစားသမားများသည်လည်း ထိုင်းနိုင်ငံသို့ မြန်မာအသင်း ရောက်ရှိမှသာ လာရောက်ပူးပေါင်းကြမည်ဟု သိရရသည်။
နည်းပြချုပ် အန်တွမ်နီဟေးသည် ယနေ့ ထုတ်ပြန်သည့် ကစားသမား ၂၅ ဦးနှင့် ပြည်ပတွင် သွားရောက်ကစားနေသည့် ကစားသမားများအား ပူးပေါင်းလေ့ကျင့်ပြီးသည်နှင့် အပြီးသတ် မြန်မာ့လက်ရွေးစင် အသင်း ကစားသမားစာရင်းကို ဆက်လက်ထုတ်ပြန်မည်ဟုဆိုသည်။
မြန်မာ့လက်ရွေးစင် အသင်းနှင့် ထိုင်း လက်ရွေးစင် အသင်းတို့ ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲကို လာမည့် ဒီဇင်ဘာလ ၁၁ ရက်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ ခြေစမ်းပွဲအပြီးတွင် AFF MITS UBISHI ELECTRIC CUP 2022 ပြိုင်ပွဲအတွက် အပြီးသတ် မြန်မာ့လက်ရွေးစင် အသင်း လူစာရင်းအား ထုတ်ပြန်သွားမည်ဟု သိရသည်။