ငလျင်ဒဏ်သင့် မြန်မာနိုင်ငံမှလိုအပ်သည်များကိုသိရှိရန် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ နိုင်ငံ ခြားရေးဝန်ကြီးများ မြန်မာနိုင်ငံသို့လာရောက်မည်ဟု ဘင်းမ်စတက်အလှည့်ကျ ဥက္ကဋ္ဌ၊ ထိုင်းဝန်ကြီး ချုပ် H.E. Ms. Paetongtarm Shinawatra ကပြောသည်။
ဘင်းမ်စတက်အတွက် ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌသည် ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarm Shinawatra နှင့် ယနေ့ ဧပြီ ၄ ရက်နံနက်ပိုင်းက ဘန်ကောက်မြို့၌ တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် ထိုင်းဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ခဲ့ရမှုများအပေါ် မိမိနှင့် မိမိတို့ပြည်သူများမှထပ်တူဝမ်းနည်းရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဆေးဘက်ဆိုင်ရာအကူအညီပေးရေးလုပ်ငန်းများကို ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံမှလိုအပ်သည့် အခြေအနေများကိုသိရှိနိုင်ရန် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကာ မြန်မာနိုင်ငံအတွက် လိုအပ်သည့်အကူအညီများကို မိမိတို့နိုင်ငံအနေဖြင့် ဆက်လက်ကူညီပေးသွားမည်ဟု ပြောကြားခဲ့သည်။
ထို့အတူ နစက ဥက္ကဋ္ဌမှလည်း ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် မြန်မာနိုင်ငံအတွက်လိုအပ်သည့် အကူအညီများပေးနေမှုများကို များစွာကျေးဇူး တင်ပြီး ဘန်ကောက်မြို့တွင်လည်း ထိခိုက်မှုဖြစ်ပွားခဲ့မှုအပေါ် စိတ်မကောင်းဖြစ်ပြီး ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ မြန်မာနိုင်ငံသို့လာရောက်၍ အကူအညီပေးနိုင်ရေးလိုအပ်သည်များကို ကြည့်ရှုမည်ဆိုသည်ကို ကြိုဆိုပြီးကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။