ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်အခြမ်း မဲဆောက်မြို့အပါအဝင် (၅) နေရာ၌ ထိုင်းဘုရင့်တပ်မတော် အထူးတပ်ဖွဲ့မှဦးဆောင်၍ အင်အားတိုးကင်းလှည့်လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကြောင်း မဲဆောက်မြို့ရှိ သတင်းရင်းမြစ်များထံက သိရသည်။
နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းအတွင်းရှိနေသည့် မဲဆောက်၊ ထဆောင်ယန်၊ ဖုတ်ဖ၊ အုန်းဖန်နှင့် မဲရမတ်ဒေသတို့၌ ကင်းလှည့် စစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်သည်။
ယင်းလှုပ်ရှားမှုသည် မူး-ယ-စ်ဆေ-းဝါးသယ်ဆောင်မှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊ လူကု-န်ကူးမှု၊ တရားမဝင် လုပ်သားပို့ဆောင်မှုများအား တားဆီးကာကွယ်ရန်ဖြစ်ပြီး ထိုင်းစစ်တပ်အပါအဝင် ရဲတပ်ဖွဲ့နှင့် ထိုင်းအာဏာပိုင်အဖွဲ့များပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ ဇန်နဝါရီ (၁၇)ရက်က ကျားဖြန့်ဂိုဏ်းများတားဆီးနှိမ်နင်းရေး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ လူဝင်မှုကြီးကြပ်ရေးဌာနရှိအစည်းအဝေးခန်းမ၌ ထိုင်းရဲတပ်ဖွဲ့က ကျင်းပပြုလုပ်ခဲ့ကြောင်း ထိုင်းသတင်းများဖော်ပြချက်အရ သိရသည်။
ထိုင်းအစိုးရအနေဖြင့် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်-မြဝတီဒေသလုံခြုံရေးတင်းကြပ်ထားပြီး ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံ၊ မြဝတီဘက်ရှိ ကျားဖြန့်လုပ်ငန်းများသို့ သွားရောက်လုပ်ကိုင်ခြင်း မပြုကြရန် မဲဆောက်မြို့တွင် သုံးဘာသာ (ထိုင်း-တရုတ်-အင်္ဂလိပ်) သတိပေးဆိုင်းဘုတ်များ စိုက်ထူထားကြောင်း ထိုင်းအခြေစိုက် မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ဓာတ်ပုံ-AEC News