ဒလတံတားစီမံကိန်းတိုးချဲ့ဧရိယာနှင့် တွံတေး-ဒလသွားကားလမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရွှေ့ပြောင်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရွှေ့ပြောင်းတည်ဆောက်နေမှုနှင့် ဒလမြို့နယ်အတွင်းဓာတ်အားဖြန့်ဖြူးထားမှုတို့ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
YESC ဥက္ကဋ္ဌသည် ဒလမြို့နယ်လျှပ်စစ်မန်နေဂျာရုံး၏ ၃၃ ကေဗွီ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးဓာတ်အားခွဲရုံရှိ ၃၃/၁၁-၆.၆ ကေဗွီ၁၅ အမ်ဗွီအေ ထရန်စဖော်မာ၏ ၆.၆ ကေဗွီ ဖီဒါများအား ၁၁ ကေဗွီစနစ်ဖြင့်ပြောင်းလဲဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒလ-တွံတေးလမ်းနှင့်ဒလတံတားစီမံကိန်းတိုးချဲ့ဧရိယာနှင့်မလွတ်ကင်းသည့်ဓာတ်အားလိုင်းတိုင်များကို ရွှေ့ပြောင်းတည်ဆောက်ပြီးစီးမှု၊လမ်းတိုးချဲ့ဧရိယာနှင့်မလွတ်ကင်းသည့်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးခြံစည်းရိုးများရွှေ့ပြောင်းတည်ဆောက်ရန်လိုအပ်မှုနှင့် ဒလသင်္ဘောကျင်းသို့ဓာတ်အားဖြန့်ဖြူးပေးထားမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊ စဉ်ဆက်မပြတ်ဓာတ်အားပေးနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းသုံးပစ္စည်းများလေလွင့်ပျက်စီးဆုံးရှုံးမှုများမဖြစ်စေရေး၊ လုပ်ငန်းများအချိန်မီပြီးစီးအောင်ဆောင်ရွက်ရေးတို့ကိုမှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် YESC ဥက္ကဋ္ဌသည် ဆမားဒူးဝါးချောင်းဖြတ်ကျော်တာဝါအနီးရှိ လေးတိုင်စင်ဓာတ်အားလိုင်းတိုင်များအားကြည့်ရှုစစ်ဆေးကာ ချို့ယွင်းတိုင်များနှင့်ဓာတ်အားလိုင်းများပိုမိုကြံခိုင်ကောင်းမွန်စေရေးအမြန်ပြုပြင်တည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။