ယခုဒီဇင်ဘာလအတွက် ဈေးကွက်အတွင်း ရောင်းချရမည့်ပြည်တွင်းစားဆန်ရည်ညွှန်းဈေးများကို သတ်မှတ်ထုတ်ပြန်ပေးထားပြီး သုံးလဆက်တိုက် ရည်ညွှန်းဈေးပြောင်းလဲခြင်းမရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
ယင်းသတ်မှတ်ရည်ညွှန်းဈေးနှုန်းများမှာ ပြည်တွင်းစားသုံးမှုရှိသည့် ဆန်အုပ်စုအလိုက် (၁၀၈) ပေါင်/ (၂၄) ပြည် တစ်အိတ် လျှင် အမြင်ဆုံး (၈၅,၀၀၀) ကျပ်မှ (၁၅၀,၀၀၀) ကျပ်အကြား ၊ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ နှံကောက်၊ ရွှေမန်းစသည့်ဆန်ဈေးများမှ (၈၅,၀၀၀) ကျပ်၊ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းက ထွက်ရှိသည့် ရွှေသွယ်၊ အညာသား၊ ပခန်း၊ မှော်ဘီ-၂ ၊ မှော်ဘီ-၃၊ ဖန်သီးသုခ၊ လုံးသွယ်မွှေး၊ ရက် ၉၀၊ မိုး-မနောသုခ/ ဆင်းသုခ၊ ဗျော့ထွန်း ဆန်ဈေးနှုန်းများကို (၉၇,၀၀၀) ကျပ်သတ်မှတ်ထားသလို အခြားသောဆန်အမျိုးအစားများကိုလည်း သင့်တင့်မျှတသော ရည်ညွှန်းဈေးထုတ်ပြန်ထားသည်။
လစဉ်ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများ၊ စည်းကမ်းချက်များနှင့်အညီ ရောင်းချရန် နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အရည်အသွေး မမှန်မကန် ရောင်းချခြင်း၊ လိုက်နာဆောင်ရွက်မှု မရှိခြင်းပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ -၅ အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေ နှင့် အခွန်ငွေ သတ်မှတ်ပေးဆောင်စေခြင်း စသည့် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်နေကြောင်း သိရသည်။
ယင်းကြောင့် ဆန်စက်များ၊ ဆန် အရောင်းဆိုင်များ၊ ကုန်သည်များ နှင့် ဆန်လုပ်ငန်းရှင်များမှ အလေးအနက်ထား၍ လိုက်နာဆောင်ရွက်ရန် အသိပေးထားသည်။