ယခုလ ဒီဇင်ဘာလရုံးပိတ်ရက်ရှည်ကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားသို့ သွားရောက်ဖူးမြော် လည်ပတ်သူများပြားလျက်ရှိကြောင်း သိရသည်။
ဘုရားဖူးပြည်သူများပြားခြင်းကြောင့် တောင်ပေါ်/တောင်အောက် ယာယီ တည်းခိုနေထိုင်ရာ ဟိုတယ် မိုတယ်နှင့် တည်းခိုဆောင်များ ပြည့်နေသည့်အတွက် ရင်ပြင်ပေါ်တွင် တန်းစီအိပ်စက်ရသည့်အခြေအနေတွင်ရှိနေကြောင်း ဘုရားဖူး သွားရောက်သူ ပြည်သူတစ်ဦးကပြော သည်။
“အရေအတွက် အတိအကျမသိပေမယ့် သိန်းနဲ့ချီကိုရှိတာ။ ထမင်းဆိုင်တွေထဲလည်း ပြည့်ကြပ်၊ တည်းဖို့ဆိုတာ ဘယ်နေရာမှ မရလို့ ရင်ပြင်ပေါ်မှာကိုယ့်အုပ်စုနဲ့ကိုယ် စုအိပ်ရတယ်။ အချို့ကတော့ ရေတံခွန်သွားတဲ့လမ်းက ဘုန်းကြီးကျောင်းတွေဘက်သွားတည်းကြတယ်လို့ပြောသံကြားတယ်”ဟု ဆိုသည်။
ထို့ပြင် ဘုရားဝတ်ပြုရန်ပင် တိုးဝှေ့နေရပြီး၊ ရင်ပြင်ပေါ်၌ လမ်းလျှောက်ရန် ခြေခစရာနေရာမရှိသလောက်ပင် စည်ကားလျက်ရှိကြောင်း သိရသည်။
ရက်ရှည် ရုံးပိတ်ရက်ဖြစ်သည်နှင့် အညီ လာမည့် ဒီဇင်ဘာလ(၃၀)ရက် ကရင်နှစ်သစ်ကူးနေ့နနှင့် New Year ရှိနေသည့် အတွက် ဘုရားဖူးများ ယခုထက်ပိုများပြားလာနိုင်ကြောင်း သိရသည်။
ကျိုက်ထီးရိုးဘုရားဖူးပြည်သူများ ခါးပိုက်နှိုက် စိုးရိမ်ရသည့်အတွက် ဘုရားတာဝန်ရှိသူများကလည်း အချိန်ပြည့် စောင့်ကြည့်ကာ သတိပေးနှိုးဆော်မှုများလည်း ရှိကြောင်း သိရသည်။