ဒီမိုကရေစီ ယဉ်ကျေးမှု ပျက်စီးသွားပါက နိုင်ငံတည်ငြိမ်မှုပါ ပျက်ပြားသွားမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော
ဒီမိုကရေစီဆိုသည်မှာ တွေ့ဆုံဆွေးနွေးကာ အများ၏ သ ဘောဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ပြီး အဆိုပါ ဒီမိုကရေစီ ယဉ်ကျေးမှု ပျက်စီးသွားပါက နိုင်ငံတည်ငြိမ်မှုပါ ပျက်ပြားသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားသည်။
ဇူလိုင်လ (၂၉) ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစိုး ရအဖွဲ့ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ် သည်။
” ဒီမိုကရေစီဆိုတာ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး အများရဲ့ သဘောတူညီမှုနဲ့ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ယင်းသည် “ဒီမိုကရေစီယဉ်ကျေးမှု” ဟုဆိုနိုင်ပါတယ်။ အဲဒီ ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေးမှုများ ပျက်စီးသွားပါက နိုင် ငံ၏ တည်ငြိမ်မှုပျက်ပြားသွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ထိုအပြင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများသည် ရှိနေသည့် နိုင်ငံရေးထွက်ပေါက်များကို မှန်မှန် ကန်ကန် အသုံးမချမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ် ကြောင်းလည်း ၎င်းက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကိုဖျက်သိမ်းကာ တတိယအကြိမ် လွှတ်တော် စတင်ခေါ်ယူရမည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်တွင် နိုင်ငံတော် သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတိုက်အခံ အင်အားစုများကို ဖမ်းဆီးထိန်းသိမ်းကာ နိုင်ငံတော် အာဏာကို တပ်မတော်က ရယူခဲ့ခြင်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ခဲ့ခြင်းသည် တိုင်းပြည်၏ ဖွံ့ဖြိုးစ အခြေအနေ အားလုံးကို ရပ်တန့်သွားစေကာ အကျပ်အတည်းတွင်းသို့ တွန်းပို့သလို ဖြစ်သည့်အပြင် ပြည်သူ ၏ ဆန္ဒကိုမျက်ကွယ်ပြုကာ ဒီမိုကရေစီ စံတန်ဖိုးများကို ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုကာ နိုင်ငံတကာ အသိုင်းအဝိုင်းက နစက အစိုးရအပေါ် ဖိအားပေးမှုများ လုပ်ဆောင်လျက်ရှိသည်။
ယင်းကဲ့သို့ လုပ်ဆောင်နေသော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နစက ခေါင်းဆောင်များကမူ တပ်မတော်အနေဖြင့် နိုင်ငံတော်အာဏာကို ရယူခဲ့ရခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပေးထားသည့် အခွင့်အရေးအရ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မကြာခ ဏ ပြောဆိုလေ့ရှိသည်။
သို့သော် အဆိုပါ ပြောဆိုမှုများကို တပ်မတော်ထောက်ခံသူများမှအပ ကျန်ပြည်သူအများစုနှင့် နိုင်ငံတကာ အ သိုင်းအဝိုင်းမှ ကန့်ကွက်ရှုတ်ချနေကြပြီး ယင်းကဲ့သို့ ကန့်ကွက်ရှုတ်ချမှုများနှင့် ပတ်သက်၍လည်း ဒီမိုကရေစီစနစ်တွင် သဘောထားကွဲလွဲပိုင်ခွင့်ရှိပြီး ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံတိုင်းတွင် နိုင်ငံရေးအယူအဆကွဲပြားစွာဖြင့် ဆောင်ရွက်ကြရကြောင်းလည်း ဇူလိုင်လ (၂၉) ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။