ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ၂၀၂၃ တွင် ဒုတိယမြောက်ရှုံးပွဲကြုံတွေ့ပြီးနောက်နည်းပြချုပ်ဦးကျော်ဒွန်းနှင့် ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ကာ နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ယမန်နေ့က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် မြဝတီအသင်းနဲ့ပွဲစဉ်တွင် ၃ ဂိုး ၂ ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ကာ လက်ရှိဘောလုံးရာသီအတွင်း ဒုတိယမြောက်ရှုံးပွဲကို ကြုံတွေ့ခဲ့ရပြီးနောက် အသင်း၏ နည်းပြချုပ် ဦးကျော်ဒွန်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။
ဦးကျော်ဒွန်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လမှ စတင်ကာ ယာယီနည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ပြီး ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအပြီး အဆင့် ၂ နေရာ၌ရပ်တည်အောင်စွမ်းဆောင်နိုင်ခဲ့ကာ ၂၀၂၃ ဘောလုံးရာသီတွင် နည်းပြချုပ် အဖြစ် တိုးမြှင့်ခန့်အပ်ခဲ့ပြီးနောက် လက်ရှိ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်-၁၃ အပြီးတွင် အဆင့် ၂ နေရာတွင် ရပ်တည်အောင်စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက် အသင်းနှင့်အတူလက်တွဲပြီး ကြိုးစားပေးခဲ့မှုများအတွက် အသင်းအနေဖြင့်ကျေးဇူးတင်ရှိကြောင်းနှင့် ရှေ့ဆက်မည့် အနာဂတ်တွင်လည်း အောင်မြင်မှုများရရှိနိုင်ပါစေကြောင်း ရန်ကုန်ယူနိုက်တက်အသင်းမှ ဆုတောင်းပေးထားသည်။