ဒေသတွင်း၌ တရုတ်သြဇာကြီးထွားလာစဉ် ပစိဖိတ်နိုင်ငံများနှင့်ပူးပေါင်းမှုတိုးမြှင့်မည့် မဟာဗျူဟာသစ်ကို အမေရိကန်ချမှတ်
ဝါရှင်တန်၊စက်တင်ဘာ ၂၈
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် သံတမန်ဆက်ဆံရေးတိုးမြှင့်ခြင်းနှင့် ရာသီဥတုအကျပ်အတည်းကို ပံ့ပိုးပေးခြင်းဖြင့် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ဆက်ဆံရေးကိုခိုင်မြဲစေမည်ဟု ဗုဒ္ဓဟူးနေ့က ကတိပြုခဲ့သည်။
တရုတ်နိုင်ငံ၏ဩဇာလွှမ်းမိုးမှုကြီးထွားလာချိန်တွင် ဒေသတွင်းထိတွေ့ဆက်ဆံမှုတိုးမြှင့်ရန် သမ္မတဘိုင်ဒင်အစိုးရ၏ နောက်ထပ်ကြိုးပမ်းမှုတစ်ခုအနေဖြင့် ဝါရှင်တန်၌ဗုဒ္ဓဟူးနေ့မှစ၍နှစ်ရက်ကြာကျင်းပမည့် အမေရိကန် – ပစိဖိတ်ကျွန်းနိုင်ငံထိပ်သီးဆွေးနွေးပွဲအတွက်စီစဉ်ထားသည့်အချိန်တွင် ယခုလှုပ်ရှားမှုထွက်ပေါ်လာခြင်းဖြစ်သည်။
ဖီဂျီ၊မာရှယ်ကျွန်းစု၊မိုက်ခရိုနီးရှား၊ပါလောက်နှင့်ဆော်လမွန်ကျွန်းစုများကဲ့သို့သောနိုင်ငံများမှခေါင်းဆောင်များသည် အမေရိကန်နိုင်ငံ၏မြို့တော်တွင်ပထမဆုံးအကြိမ်ကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင်ပါဝင်လာရန်မျှော်လင့်ထားကြောင်း အစိုးရအရာရှိတစ်ဦး၏ပြောကြားချက်အရသိရှိရသည်။
ပစိဖိတ်ကျွန်းနိုင်ငံများသို့ မကြာသေးမီကတရုတ်၏ချဉ်းကပ်မှုတစ်ရပ်အနေဖြင့် ဆော်လမွန်ကျွန်းစုများနှင့်ဧပြီလက လုံခြုံရေးသဘောတူညီမှုစာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့် အမေရိကန်နှင့်၎င်း၏မဟာမိတ်များအကြား စိုးရိမ်မှုမြင့်တက်လာစေခဲ့သည်။အကြောင်းမှာ အဆိုပါသဘောတူညီချက်အရ တရုတ်သည်ဩစတြေးလျနိုင်ငံမြောက်ဘက်တွင် စစ်စခန်းတစ်ခုထူထောင်နိုင်မည့်အခြေအနေမျိုးဖြစ်သွားသောကြောင့်ဖြစ်သည်။
ဆော်လမွန်ကျွန်းစုများသည် ၎င်း၏သံတမန်ဆက်ဆံရေးအသိမှတ်ပြုမှုကို ၂၀၁၉ ခုနှစ်က ထိုင်ဝမ်မှပေကျင်းသို့ပြောင်းလဲလိုက်ပြီး တရုတ်နိုင်ငံဘက်သို့တိမ်းစောင်းနေမှုကို အချက်ပြနေခဲ့ပြီဖြစ်သည်။
၎င်း၏ အမေရိကန် – ပစိဖိတ်ကျွန်းမဟာဗျူဟာအောက်တွင် ဘိုင်ဒင်အစိုးရအနေဖြင့် ရာသီဥတုအကျပ်အတည်းနှင့် အခြားစိန်ခေါ်မှုများအတွက် ပြင်ဆင်ထားသည့် ခိုင်မာပြီး ရုန်းထနိုင်စွမ်းရှိသော ပူးပေါင်းဆောင်ရွက်မှုအတွက် ရည်မှန်းချက်လေးခုကိုချမှတ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
ထို့ကြောင့်ဘိုင်ဒင်အစိုးရသည် ပစိဖိတ်ဒေသတစ်ဝန်းရှိ အမေရိကန်သံတမန်မစ်ရှင်များ ကို တိုးချဲ့ ဖွင့်လှစ်ကာ ရာသီဥတုဒဏ်လျော့ပါးစေရေးရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုးပေးမည်ဖြစ်သည်။
အမေရိကသည် ပစိဖိတ်ဒေသခံများ၏ လိုအပ်ချက်များကိုပိုမိုဖြည့်ဆည်းပေးနိုင်ရန် ပစိဖိတ်ကျွန်းနိုင်ငံများအတွက် ပံ့ပိုးကူညီမှုများတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားသောမဟာမိတ်နိုင်ငံများဖြစ်သည့် ဂျပန်၊ဩစတြေးလျနှင့် ဗြိတိန်တို့ကဲ့သို့မဟာမိတ်နိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းတာဝန်ရှိသူများကဆက်လက်ပြောကြားခဲ့သည်။
အမေရိကန်ပစိဖိတ်ကျွန်းစုမဟာဗျူဟာသည် ယခုနှစ်ဖေဖော်ဝါရီလတွင်ထုတ်ပြန်ခဲ့သည့် ဘိုင်ဒင်အစိုးရ၏ အင်ဒို – ပစိဖိတ်မဟာဗျူဟာကိုဖြည့်စွက်ထားခြင်းဖြစ်သည်။ပိုမိုကျယ်ပြန့်သော မဟာဗျူဟာအရ သံရုံးအသစ် များဖွင့်လှစ်ခြင်းနှင့် အမေရိကန်ကမ်းခြေစောင့်စစ်တပ်ထားရှိခြင်းကဲ့သို့သော ပစိဖိတ်ကျွန်းနိုင်ငံများနှင့်ပိုမိုနီးကပ်သောဆက်ဆံရေးတည်ဆောက်ရန်အစီအစဉ်များလည်းပါဝင်သည်။
Source -Kyodo News