ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အမှုသုံးမှုအတွက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း သက်သေထွက်ဆိုရန်ရှိနေ
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား အဂတိလိုက်စားသည်ဟု ဆိုကာ စွဲဆိုထားသော အဂတိအမှုသုံးမှုအတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဟောင်းဒေါက်တာမြင့်နိုင် သက်သေထွက်ဆိုရန်ရှိကြောင်း ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။
ဒေါက်တာမြင့်နိုင်အနေဖြင့် လာမည့် မေ ၁၃ ရက်နေ့ ရုံးချိန်းတွင် Video Conferencing စနစ်ဖြင့် တရားခံပြသက်သေထွက်ဆိုရန်ရှိနေပြီး၊ ယင်းအမှုကို မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင် အထူးသီးသန့် တရားရုံးတွင် စစ်ဆေးကြားနာ သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒေါက်တာမြင့်နိုင်ကို ဗွီဒီယိုကွန်ဖရင့်နဲ့ ဘဲစစ်မှာပါ။ ဒီလို ပုဂ္ဂိုလ်တွေကျတော့ လုံခြုံရေးအရ သွားရေးလာရေးအတွက် လုံခြုံရေးယူရတာမလွယ်ဘူးလေဗျာ။ ဟုတ်ပါတယ်။ မေ ၁၃ ရက်မှာ စစ်မယ်လို့ကြားရပါတယ်။” ဟု ဆိုသည်။
ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အဂတိအမှုနှင့်ပတ်သက်၍ လာမည့် မေ ၁၃ ရက်၌ စစ်ဆေးသွားမည့် အမှုသုံးမှုမှာ ၎င်းအနေဖြင့် ထိုင်းနိုင်ငံသို့ ဆေးသွားရောက်ကုသစဉ်အချိန်က ဆေးကုသစရိတ်နှင့် ပတ်သက်၍ စွဲဆိုထားသော အဂတိအမှုများဖြစ်ကြောင်း သိရသည်။
ဒေါက်တာဇော်မြင့်မောင်အနေဖြင့် အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ချုပ်(NLD) ရုံးခန်းမြေနေရာချထား ပေးမှုနှင့်ပတ်သက်၍ အဂတိလိုက်စားသည်ဟုဆိုကာ စွဲဆိုထားသော အမှုနှစ်မှု အတွက်လည်း ဆက်လက်တရားရင်ဆိုင်ရန်ရှိနေသေးကြောင်း သိရသည်။