ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်နှင့် ပတ်သက်သည့်အမှုအပါအဝင် အမှု (၄) မှု အတွက် ထောင်ဒဏ် (၆)နှစ်ထပ်မံချမှတ်
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အဂတိမှု (၄) မှုအတွက် ယနေ့ဩဂုတ်လ (၁၅) ရက်တွင် အပြီးသတ် အမိန့်ချမှတ်ရာ တွင် ထောင်ဒဏ် (၆) နှစ် ထပ်မံချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ဖြင့် အမှုဖွင့် တရားစွဲထားသည့် အမှု (၃) မှု နှင့်ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်အတွင်းရှိအဆောက်အအုံမြေနေရာနှင့်ပတ်သက်၍ စွဲဆိုထားသော အဂတိအမှုတစ်မှု တို့အတွက်အတွက် နေပြည်တော်အချုပ် ထောင် အထူးတရားရုံးက ယနေ့အပြီးသတ်အမိန့် ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအား စွဲဆိုထားသည့် အမှု (၄) မှုထဲမှ အမှု(၃) မှုအတွက်ထောင်ဒဏ် (၃)နှစ်စီအား တပေါင်းတည်း ကျခံရန်နှင့် ကျန် အမှု တစ်မှုအတွက် ထောင်ဒဏ် (၃) နှစ် သီးခြား ကျခံရန် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
နေပြည်တော်တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးတည်ဆောင်ရန် မြေနေရာ ရယူမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲ တရားစွဲဆိုခံရသည့် နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူတို့ကိုလည်း ထောင်ဒဏ် (၃)နှစ်စီ ကျခံရန်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
” နေပြည်တော်လရောင်တောစီမံကိန်းနဲ့ပတ်သက်တဲ့ အမှုသုံးမှုအတွက် တစ်မှုကိုထောင်ဒဏ် သုံးနှစ်စီချမှတ်တယ်။ သုံးမှုစလုံးအတွက် တစ်ပေါင်းတည်းကျခံစေဆိုတော့ သုံးနှစ်ဘဲ ကျခံရမှာပါ။ ရန်ကုန်အမှုအတွက်ကတော့ သုံးနှစ်ချတယ်။ စုစုပေါင်းခြောက်နှစ်ကျခံရမယ်ပေါ့။ ကျန်းမာရေးကောင်းပါတယ်”ဟု တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခင်ကလည်း အမှု (၆) မှုအတွက် ထောင်ဒဏ် (၁၁) နှစ် ကျခံရန် အမိန့် ချမှတ်ခံ ထားရသည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၁၇) နှစ် ကျခံရန် နစက တရားရုံးက အမိန့် ချမှတ်ခြင်း ခံထားရခြင်း ဖြစ်သည်။