ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အဂတိအမှု သုံးမှုအတွက် ယနေ့ ပြန်ခေါ်သက်သေနှစ်ဦးကို စစ်ဆေး
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ပေါ်စွဲဆိုထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုနှင့်ပတ်သက်သည့် အဂတိအမှုသုံးမှုအတွက် ဇွန် ၁၄ ရက်(ယနေ့)တွင် ပြန်ခေါ်သက်သေနှစ်ဦးကို နေပြည်တော်ဇဗ္ဗူသီရိ အထူးသီးသန့်တရားရုံးတွင် စစ်ဆေးခဲ့ကြကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှသိရသည်။
ယနေ့တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်၍ အဂတိပုဒ်မဖြင့်စွဲဆိုထားသော ရာကြီးမှုအမှတ် ၃/၂၀၂၁၊ ၃/၂၀၂၂ နှင့် ၄/၂၀၂၂အမှုတို့အတွက် ပြန်ခေါ်သက်သေနှစ်ဦးဖြစ်သူ ဦးစိုးနိုင်နှင့် ဦးမျိုးအောင်တို့ကိုတရားခံဘက်ရှေ့နေများက ပြန်လှန်စစ်ဆေးမေးမြန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအဂတိအမှုသုံးမှုသည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်သည့်အမှုများဖြစ်ပြီး၊ ရာကြီးမှုအမှတ် ၃/၂၀၂၂နှင့် ၄/၂၀၂၂ တို့သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်က အလှူငွေ လှူဒါန်းခဲ့သည့်ကိစ္စနှင့်ပတ်သက်၍စွဲဆိုထားသောအမှုဖြစ်သည်။
ယင်းအမှုများအတွက် ပြီးခဲ့သော မေ၂၄ရက်တွင် အထူးတရားရုံးက စွဲချက်တင်အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။
အဆိုပါ အဂတိအမှု သုံးမှုအတွက် ရုံးချိန်းကို ဇွန်၂၁ရက် သို့ပြန်လည်ချိန်းဆိုထားပြီး ၊ တရားစွဲဆိုခံရသူများ ကျန်းမာရေးကောင်းမွန်ကြောင်းသိရသည်။