ဒေါ်အောင်ဆန်းစုကြည်အား ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်သည့် အမှုအတွက် အပြီးသတ်လျှောက်လဲ ချက်ကြားနာရန်ရှိ
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ အကယ်ဒမီအခေါက်ရွှေ ခုနှစ်ပိဿာနှင့် အမေရိကန်ဒေါ်လာ ခြောက်သိန်းရယူခဲ့သည်ဟု ဆိုကာ စွဲဆိုထားသော အမှုအတွက် လာမည့်ဧပြီ ၁၈ ရက်နေ့ ရုံးချိန်တွင် အပြီးသတ်လျှောက်လဲ ချက်များပေးရန် ရှိကြောင်း တရားရုံးနှင့် နီးစပ်သူအသိုင်းအဝိုင်းထံမှ သိရသည်။
ယမန်နေ့ ဧပြီ ၄ရက်က နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇဗ္ဗူသီရိမြို့နယ် အထူးသီးသန့် တရားရုံးတွင် ရုံးထုတ်စစ်ဆေးကြားနာခဲ့ပြီးနောက်၊ ယင်းအမှုအပါအဝင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်၍ စွဲဆိုခံထားရသော အမှု နှစ်မှု အတွက် တရားလိုပြသက်သေ လေးဦးကို လည်း ပြန်လှန်မေးခွန်းများမေးမြန်းကာ စစ်ဆေးခဲ့ကြသည်။
“ လာမယ့် ရုံးချိန်းမှာ ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်တဲ့အမှုအတွက် အပြီးသတ်လျှောက်လဲချက်ပေးမှာပါ။ ဒေါ်စု ကျန်းမာရေးကောင်းပါတယ်။” ဟု ဆိုသည်။
ယင်းအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူခြင်းမရှိကြောင်း ငြင်းဆိုထားပြီး၊ တရားလိုဖြစ်သူ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အရာရှိ ဦးရဲထက် ကို စစ်ဆေးစဉ်အချိန်၌လည်း ဒေါ်အောင်ဆန်းစုကြည်ထံမှ သက်သေခံ ပစ္စည်းဖြစ်သည့် ရွှေနှင့် ဒေါ်လာများ သိမ်းဆည်းမိခြင်း မရှိဟု ထွက်ဆိုထားကြောင်း သိရသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)အမှု အပါအဝင် အမှုငါးမှုအတွက် ထောင်ဒဏ်ခြောက်နှစ် ကျခံထားရပြီး၊ ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်သည့် အမှုအပါအဝင် စုစုပေါင်း အမှု ၁၂ မှု ဖြင့် ဆက်လက်ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။