နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးလွင်ဦးနှင့် ဦးကိုကိုကျော်တို့က Nippon Foundation ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ် မစ္စတာရိုဟေး ဆာဆာကာဝါတို့ ယနေ့ ဧပြီ ၄ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံကြပုံဖြစ်ပါသည်။
ထိုပုံကိုကြည့်ခြင်းဖြင့် နေပြည်တော်ရှိ ဝန်ကြီးရုံးအချို့၏ အခြေအနေကို ခန့်မှန်းနိုင်ပါသည်။ နေပြည်တော်တွင် ငလျင်ဘေးသင့်သော်လည်း ပြည်သူ့ရေးရာ များကိုစီမံခန့်ခွဲပေးနေသော ဝန်ထမ်းများကို မြင်ယောင်ကြည့်နိုင်ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မစ္စတာဆာဆာကာဝါက ငလျင်ဒဏ်ကြောင့် ဆုံးရှုံးခဲ့ကြရသည့် မိသားစုများနှင့်အသိုက်အဝန်းများအတွက် များစွာဝမ်းနည်းရပါကြောင်းနှင့် ငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက် လေ့လာခဲ့ကြောင်း၊ အကျပ်အတည်းကာလကို ကြံ့ကြံ့ခိုင်ကျော်လွှားနိုင်ပါစေကြောင်း အားပေးစကားပြောကြားခဲ့သည်။
နိပွန်ဖောင်ဒေးရှင်းမှ ငလျင်ဒဏ်ထိခိုက်ခံစားရသည့် ဒေသများအတွက် အစားအသောက်များ၊ ဆေးဘက်ဆိုင်ရာပစ္စည်း များအပါအဝင် အမေရိကန်ဒေါ်လာ(၃)သန်းရှိ အရေးပေါ်အကူအညီများ ပေးအပ်ခဲ့ခြင်းအတွက် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။