ရန်ကုန်မြို့ရှိ ရန်ကုန်မြို့တော်ခန်းမ၌ မြန်မာနိုင်ငံစာရေးဆရာအသင်း၏ မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၇)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအား ဒီဇင်ဘာ ၂၈ ရက်ကကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းတက်ရောက်ကန်တော့ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ငွေကျပ်သိန်း(၁၀၀)နှင့် ငွေကျပ်(၁၂၆)သိန်းတန်ဖိုးရှိ အဝတ်အထည်များကိုလှူဒါန်းရာ နစက ဥက္ကဋ္ဌ ကိုယ်စား ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ပေးအပ်လှူဒါန်းခဲ့သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းမှ မြန်မာစာပေလောကသားတို့၏ စာဆိုတော်နေ့သည် သုတရသရေးရာအဖြာဖြာကိုရေးသားခဲ့ကြသည့် စာရေးဆရာကြီး၊ စာရေးဆရာမကြီး၊ စာပေပညာရှင်ကြီးများ အမြတ်တနိုးတန်ဖိုးထား ဂုဏ်ယူနေကြရသည့် နေ့ထူးနေ့မြတ်ကြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့်တက်ရောက်လာကြသူများက ကန်တော့ခံသက်ကြီးစာပေပညာရှင် စာရေးဆရာကြီး (၂၄၁)ဦးနှင့် စာရေးဆရာမကြီး(၃၅)ဦး(စုစုပေါင်း ၂၇၆ ဦး)တို့ကို ကန်တော့ချိုးဖြင့်ကန်တော့ခဲ့ကြသည်။
ယမန်နေ့ ကျင်းပသည့် (၃၇)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များအား ပူဇော်ကန်တော့ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ငွေကျပ်(၂၅)သိန်း၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ငွေကျပ်(၂၇၆)သိန်း၊ ရန်ကုန်မြို့တော်စည်ပင်မှ ငွေကျပ်သိန်း(၃၀)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ဌာနချုပ်)မှ ငွေကျပ်(၁၀)သိန်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ရန်ကုန်တိုင်း)မှ ငွေကျပ်(၅)သိန်းတို့အား အသီးသီးပေးအပ်လှူဒါန်းခဲ့ကြသည်။