ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းတိုင်း၌ပျက်စီးဆုံးရှုံးခဲ့ရမှုများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၆ ရက်ကကြည့်ရှုစစ်ဆေးစဥ် သီတဂူဝိပဿနကျောင်းတိုက်၌သီတင်းသုံးနေတော်မူသည့် သီတဂူဆရာတော်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့သည်။
ထိုသို့ ဖူးမြော်ကြည်ညိုပြီးနောက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်များကိန်းဝပ်ရာ ဘုရား၊ စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရာ၌အသုံးပြုရန် အလှူငွေကျပ်သိန်း(၅၀၀) နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး ငလျင်ဒဏ်ကြောင့် ပျံလွန်တော်မူခဲ့သော ရဟန်းသံဃာများ၊ သီလရှင်များနှင့် ပြည်သူများအတွက် အမျှပေးဝေခဲ့ကြသည်။
ထို့နောက် နစက ဥက္ကဋ္ဌသည် စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်ရှိ ကားလမ်းမပေါ်၌ ငလျင်ဒဏ်ကြောင့် ပင်မလမ်းအူကြောင်းရွှေ့လျား ပြောင်းလဲခဲ့သည်အထိ ထိခိုက်ပျက်စီးခဲ့ရမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် နစက ဥက္ကဋ္ဌသည် စစ်ကိုင်းမြို့၊ ရိုင်တန်းရပ်ကွက်ရှိ မဟာစေတီတော်အား လုံးတော်ပြည့်ငုံ၍ ပြုပြင်မွမ်းမံတည်ဆောက်နေမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကိုကြည့်ရှု၍ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်မွမ်းမံမှုများကို စနစ်တကျတွက်ချက်ဆောင်ရွက်ရန်မှာကြားကာ လေးကျွန်းမြေအုဋ်ကျောင်း၌ အဆောက်အဦပျက်စီးနေမှုအား ရှင်းလင်းဖယ်ရှားနေမှု၊ သကျဓီတာ သီလရှင်စာသင်တိုက် အဆောက်အဦပျက်စီး နေမှုအား ရှင်းလင်းဖယ်ရှားခြင်းဆောင်ရွက်နေမှု၊ ဆွမ်းဦးပုညရှင်စေတီတော်တွင် အဆောက်အဦ ပျက်စီးနေမှုအား ရှင်းလင်းဖယ်ရှားနေမှု၊ ရတနာသိင်္ဂီသီလရှင်စာသင်တိုက်တွင် အဆောက်အဦ ပျက်စီးနေမှုအား ရှင်းလင်းဖယ်ရှားနေမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ကူညီကယ်ဆယ်ရေးအဖွဲ့များကိုလည်းအားပေးစကားပြောကြားကာ ချီးမြှင့်ငွေများပေးအပ်ပြီး ဧရာဝတီတံတား(ရတနာပုံ)ကိုလည်း ကားများဖြင့်ဖြတ်သန်း၍ တံတားကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။