အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ကျင်းပမည့် မြန်မာသံတမန်များအတွက် ဒုတိယအကြိမ် အထူးသံတမန်သင်တန်းသို့ တက်ရောက်မည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် (၃၀) ဦး နယူးဒေလီမြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်သည် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန Sushma Swaraj Institute of Foreign Service – SSIFS တို့အကြား MOU လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU)အရ SSIFS တွင် မြန်မာသံတမန်များအတွက် ဒုတိယအကြိမ် အထူးသံတမန်သင်တန်းကို မတ်လ(၁၇)ရက်မှ မတ်လ (၂၇)ရက်အထိ ကျင်းပမည်ဖြစ်သည်။
ယင်းသင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အငယ်တန်းအရာထမ်း(၃၀)ဦးသည် အုပ်ချုပ်သူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းအောင်ကျော် လိုက်ပါလျက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မတ်လ(၁၅)ရက်တွင် ထွက်ခွာခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာလာရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးမှ သံရုံးဒုတိယအကြီးအကဲ Mr.Ashish Sharma တို့ လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ပထဝီနိုင်ငံရေး၊ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မြန်မာသံတမန်ငယ်များအား သံတမန်ရေးရာ စွမ်းရည်များကို မြှင့်တင်ရန်နှင့် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ လေ့လာခြ င်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။