ထိုင်းနိုင်ငံတွင် လာမည့် ဒီဇင်ဘာ ၁၉ ရက်၌ပြု လုပ်မည့် အလွတ်သဘောဆွေးနွေးပွဲ(၂)ခုသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေတက်ရောက်မည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောဆွေးနွေးပွဲအား လာမည့် ဒီဇင်ဘာ ၁၉ ရက်၌ကျင်းပသွားမည်ဖြစ်ကာ မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ဝန်ကြီးအဆင့်ရှိသူများ၊ ဒု-ဝန်ကြီးအဆင့်ရှိသူများနှင့် တာဝန်ရှိသူများတက်ရောက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။
” အဓိကကတော့ နယ်စပ်ရေးရာကိစ္စတွေ၊ နယ် စပ်ဖြတ်ကျော်မှုခင်းကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားကြမှာပါ။ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပူးပေါင်းတိုက်ဖျက်ရေးအတွက်ဆောင်ရွက်သွားမှာပါ”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ထို့ပြင် “ဝ”ဒေသနှင့်ဖြစ်ပွားနေသောကိစ္စရပ်သည် သီးခြားကိစ္စရပ်ဖြစ်ကာ မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံကြားတွင် နယ်ခြားဒေသကော်မတီအဆင့်ဆင့်ဖွဲ့စည်းထားပြီး လစဥ် ဆွေးနွေးဆောင် ရွက်လျက်ရှိသည်ဟု ပြောသည်။
ထို့ကြောင့် “ဝ”ဒေသနှင့်ပတ်သက်သည့် ကိစ္စရပ်များကို နယ်ခြားဒေသကော်မတီများ၏ ပုံမှန်အ စည်းအဝေးမှတစ်ဆင့်သာ ဆောင်ရွက်သွားနိုင်မည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။