နာဂဒေသအား အေးချမ်းသည့်၊ ငြိမ်းချမ်းသည့်ဒေသအဖြစ် အမြဲထိန်းသိမ်းထားရန်လိုအပ်သည်ဟု နစက ဒု-ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးမှ ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
နာဂဒေသသည် တည်ငြိမ်အေးချမ်းသည့်ဒေသဖြစ်၍ ကဏ္ဍအလိုက်လိုအပ်သည်များကို နိုင်ငံ တော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည် ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်း(၈၂)ခု၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်း(၁၅၈) ခုဖြင့် နာဂဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု ပြောသည်။
” ဆူပူသောင်းကျန်းမှုတွေမရှိတဲ့ အေးချမ်းတဲ့ဒေသတွေမှာ မိသားစုအကျိုး၊ ရပ်ရွာအကျိုး၊ ဒေသအကျိုးတွေကို ထိရောက်စွာအကောင်အ ထည်ဖော်နိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုတွေ အစဉ်တိုးတက်နေမှာဖြစ်ပါတယ်။ နာဂဒေသကို အေးချမ်းတဲ့၊ ငြိမ်းချမ်းတဲ့ဒေသအဖြစ် အမြဲထိန်းသိမ်းထားဖို့လိုအပ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောသည်။
ထို့ပြင် နာဂလူမျိုးများ၊ ဒေသတွင်းနေ အခြားတိုင်းရင်းသားလူမျိုးများ၏ စီးပွားရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေရေးဆောင်ရွက်ရန် ဒေသတွင်းနေတိုင်းရင်းသားပြည်သူအားလုံး၌တာဝန်ရှိပြီး အလုပ်ကိုကြိုးစားလုပ်ကိုင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့အတူ နစက လက်ထက်၌ နာဂဒေသ၏ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လမ်းပန်းဆက် သွယ်ရေးကဏ္ဍများတွင် နှစ်စဉ်တိုးတက်မှုများရှိ၍ တောင်ပေါ်ဒေသတစ်ခုဖြစ်သော နာဂဒေ သ၏ဖွံ့ဖြိုးတိုးတက်မှုများကို ပြည်ထောင်စုအ စိုးရ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဒေသခံတိုင်းရင်းသားညီအစ်ကိုမောင်နှမများက တက်ညီလက်ညီဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ကာ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ညပိုင်းတွင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် ၂၀၂၅ ခုနှစ်၊ နာဂရိုးရာ ယဉ်ကျေးမှုမီးပုံပွဲသို့တက်ရောက်၍ ဒေသခံတိုင်းရင်းသားများနှင့် အတူပါဝင်ဆင်နွှဲခဲ့သည်။