မီသနောအဆိပ်သင့် အရက်သောက်သုံးမိမှုကြောင့် နိုင်ငံခြားခရီးသွားများ သေဆုံးခဲ့ရခြင်းအတွက် အလွန်တရာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနှင့် ယင်းကိစ္စတွင် တာဝန်ရှိသူများကို တရားစွဲဆိုသွားမည်ဟု လာအိုအစိုးရက ကတိပြုခဲ့သည်။
နာမည်ကျော် ခရီးသွားမြို့ Vang Vieng သို့ သွားရောက်လည်ပတ်ခဲ့ကာ အဆိပ်သင့်အရက်များ သောက်သုံးမိခဲ့သောကြောင့် ဒိန်းမတ်နှစ်ဦး၊ သြစတြေးလျနှစ်ဦး၊ ဗြိတိန်တစ်ဦးနှင့် အမေရိကန်တစ်ဦးတို့ သေဆုံးခဲ့သည်။
“ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့နဲ့ ပါဝင်ပတ်သက်သူတွေကို ဥပဒေနဲ့အညီ တရားမျှတမှုဖော်ဆောင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု အစိုးရက ပြောဆိုခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရ၏ ပထမဆုံး လူသိရှင်ကြားထုတ်ဖော်ပြောဆိုမှုအဖြစ် နိုဝင်ဘာ ၂၄ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်ပေါ်၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။
သေဆုံးရသူများ၏ မိသားစုများအတွက် စာနာမိပါကြောင်းနှင့် အလွန်ဝမ်းနည်းရပါကြောင်းလည်း ဖော်ပြခဲ့သည်။
အဆိပ်သင့် ယမကာများ သောက်သုံးမိမှုကြောင့် နိုင်ငံခြားသားများ သေဆုံးခဲ့ရပြီးနောက် အာဏာပိုင်များသည် အထောက်အထားများနှင့် မျက်မြင်သက်သေများကို စုဆောင်းလျက်ရှိသည်ဟု နိုင်ငံပိုင် KPL သတင်းဌာနက နိုဝင်ဘာ ၂၂ ရက်တွင် ပြောဆိုခဲ့သည်။
လာအိုနိုင်ငံတွင် နာမည်ကြီး အရက်အမှတ်တံဆိပ် အတုများနှင့် ပြည်တွင်းလုပ် အရက်များသည် ပြဿနာတစ်ရပ်အဖြစ် ရှိနေခဲ့သည်။ လာအိုနိုင်ငံတွင် အဖျော်ယမကာ သောက်သုံးပါက သတိပြုကြရန် သြစတြေးလျနှင့် ဗြိတိန်အစိုးရများက ၎င်းတို့နိုင်ငံသားများကို သတိပေးထားခဲ့သည်။