နိုင်ငံတော်အတွက် နိုင်ငံခြားငွေရရှိရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲဖွင့်ပွဲတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ဝါစိုက်ပျိုးရေးအောင်မြင်ရန် အခြေအနေကောင်းများရှိနေသော်လည်း ပြည်ပမှနှစ်စဉ်ချည်နှင့် ပိတ်ထည်များကို ပမာဏများစွာတင်သွင်းနေရသည်ဟု ဆိုသည်။
ဝါစိုက်ပျိုးရေးကိုအောင်မြင်အောင်ဆောင်ရွက်ပါက နိုင်ငံတကာအဆင့်မီချည်ထည်များထုတ်လုပ်နိုင်မည်ဖြစ်ကာ အထည်ချုပ်လုပ်ငန်းများ၌ဖြစ်စေ၊ ပြည်ပသို့ပြန်လည်တင်ပို့ခြင်းဖြစ်စေဆောင်ရွက်မှသာ နိုင်ငံခြားငွေသုံးစွဲမှုကိုလျှော့ချနိုင်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားငွေများရရှိနိုင်မည်ဟု ပြော သည်။
ထို့ပြင် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်ပတ်သက်၍လည်း နစကဥက္ကဋ္ဌ က ” အဆင့်မြင့်ချည်ထည်တွေထုတ်လုပ်နိုင်တဲ့ ဝါမျိုးကောင်းမျိုးသန့်တွေကို စိုက်နည်းစနစ်မှန်အောင်စိုက်ပြီး ဝါအထွက်နှုန်းတိုးအောင် ဆောင်ရွက်ရပါမယ်။ တစ်ဖက်ကလည်း ဝါကြိတ်စက်ရုံတွေ၊ ချည်မျှင်နှင့်အထည်စက်ရုံတွေ အဆင့်မြှင့်တင်ပေးပြီး ဝါကိုအခြေခံတဲ့စက်မှုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားကြရပါမယ်”ဟု ပြောသည်။
ထို့အတူ ယမန်နေ့ကဖွင့်လှစ်သည့် ၂/၈၀ ချည်ချောစက်ရုံသည် နိုင်ငံ၏အဝတ်အထည်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှများစွာအထောက်အကူပြုစေမည်ဖြစ်သည်ဟုဆိုသည်။
ထို့ကြောင့် တစ်နိုင်ငံလုံး၊ ပြည်သူလူထုတစ်ရပ်လုံး၊ အထည်အလိပ်အထောက်အကူပြု MSME လုပ်ငန်းစဉ်များတစ်ခုလုံးကို ဦးတည်ဆောင်ရွက်ကြရန်လည်း နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။