နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ (၇၅) ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှ ကိုင်တွယ်ဝန်ဆောင်မှုပေး၍ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းတင်ပို့ပေးလျက်ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းကပြောသည်။
ကျန်းမာရေးဆိပ်ခံတံတားမှ ရန်ကုန်မြစ်ဝရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကမ်းလွန်ရေကြောင်းပြစခန်း (Offshore Fixed Pilot Station) သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ ၇၅ ရာခိုင်နှုန်းခန့်ကို ရန်ကုန်ဆိပ်ကမ်းမှ ကိုင်တွယ်ဝန်ဆောင်မှုပေး၍ ပင်လယ်ရေကြောင်းဖြင့် တင်သွင်းတင်ပို့ပေးလျက်ရှိရာ ဆိပ်ကမ်းလုပ်ငန်းကဏ္ဍသည် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသဖြင့် ဆိပ်ကမ်းလုပ်ငန်းများကောင်းစွာလည်ပတ်နေနိုင်ရန် နေ့/ည ရာသီမရွေး ပင်လယ်ထဲနှင့် ရေလမ်းကြောင်းတလျှောက်တွင် တာဝန်ထမ်းဆောင်နေကြရသည့် ဆိပ်ကမ်းဆိုင်ရာ၊ ရေကြောင်းဆိုင်ရာ ရေကြောင်းပြမှူးကြီးများနှင့် ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ဌာနအတွက် အရေးပါသည့်ကဏ္ဍတွင်ပါဝင်ကြောင်း၊ မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဒုဝန်ကြီးကဆိုသည်။
ထို့ပြင် နိုင်ငံတော်ဘဏ္ဍာဖြင့် တည်ဆောက်ထားသော Pilot Station ကိုလည်း ရေရှည်ကောင်းမွန်စွာအသုံးပြုနိုင်ရေး တန်ဖိုးထားဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်အတွက်ဝင်ငွေများ တိုးတက်ရှာဖွေပေးနိုင်ကြရန် တိုက်တွန်းပြောကြခဲ့သည်။
ရန်ကုန်နှင့် သီလဝါဆိပ်ကမ်းဧရိယာရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတံတားများ၊ ရေလမ်းကြောင်း ကောင်းမွန်အောင်သတ်မှတ်ရေအနက်ကို ထိန်းထားနိုင်ရန် သောင်တူးဖော်ဆောင်ရွက်လျက်ရှိသည့်နေရာများ၊ ရေလမ်းကြောင်းတလျှောက် ရေလမ်းကြောင်းအချက်ပြ မီးဗော်ယာများ စနစ်တကျ နေရာချထားမှုအခြေအနေများနှင့် ဆိပ်ကမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်လျာထားသည့် စီမံကိန်းနေရာများကိုလည်း ရေယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။