နိုင်ငံရေးတည်ငြိမ်မှုရရှိရန် အခြေခံဥပဒေ၏ တချို့ပုဒ်မများကိုပြင်ဆင်လိုခြင်းဖြစ်သည်ဟု ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင်က နေပြည်တော်၌ ဇန်နဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။
နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှုမှာ အလွန်အရေးကြီး၍ နိုင်ငံရေးတည်ငြိမ်အောင်ဆောင်ရွက်ရန် နိုင်ငံရေးအပေးအယူရှိရန်လိုအပ်ပြီး နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
” စစ်ပွဲတွေကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကိုအများကြီးကြုံတွေ့နေရပါပြီ။ ဒါကြောင့် နိုင်ငံရေးတည်ငြိမ်မှုရရှိအောင် အခြေခံဥပဒေရဲ့ တချို့ပုဒ်မတွေကို ပြင်ဆင်လိုခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေပြီး နိုင်ငံရေးပြေလည်မှုရရှိအောင် လိုအပ်နေတဲ့ ကာလဖြစ်တဲ့အတွက် ကြိုးစားဆောင်ရွက်နေကြပါတယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။
ထို့ပြင် ဆွေးနွေးပွဲ၌ သဘောတူညီမှုရရှိထားသည့် အချက် (၄၃)ချက်ကို လက်မှတ်ရေးထိုးရန်ရှိကာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူများ၊ ဥပဒေပြုရေးများ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည်တို့ပါဝင်သည်ဟု ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။