စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု နေပြည်တော်ကောင်စီ၏ ပံ့ပိုးမှုမြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့်ဆေးကုမ္ပဏီများမှ ဒုတိယအကြိမ်ဆေးဝါးများ ရောင်းချပေးမည့် အစီအစဉ်ကို နေပြည်တော်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆေးဝါးသုံးစွဲသူ ပြည်သူများအား သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဆေးဝါးများ မပြတ်လပ်ရေးအတွက် ရည်ရွယ်၍ ရောင်းချပေးမည်ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ နေပြည်တော်ကောင်စီ၏ ပံ့ပိုးမှုဖြင့် နေပြည်တော်၊ ပျဉ်းမနားမြို့ “မင်္ဂလာကန်တော်ခန်းမ” (မြင်းရုပ်အနီး) ၌ “ဒုတိယအကြိမ်မြောက် ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများ တိုက်ရိုက် ရောင်းချပွဲ” အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်မှ (၃၁)ရက်အထိ (၅)ရက်တိုင်တိုင် (တနင်္လာနေ့မှ သောကြာနေ့အထိ) နေ့စဉ်(နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ) ဖွင့်လှစ်၍ ဆေးကုမ္ပဏီ (၄၀)မှ ဆေး ဝါးမျိုးစုံတို့အား ပါဝင်ပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆေးဝါးဝယ်ယူရာ၌ ဝယ်ယူမရရှိခြင်းများနှင့်အခြားသောအခက်အခဲများရှိနိုင်ခြင်းတို့အပြင်၊ ဆေးဝါးမှားယွင်းဝယ်ယူမိခြင်းမရှိစေရန်နှင့် အာနိသင်ရှိသော အလားတူဆေးဝါးများအားစိတ်ချစွာဝယ်ယူနိုင်ရန်အတွက် ဆွေးနွေးတိုင်ပင်၊ လမ်းညွန်မှုပြုပေးနိုင်ရန် ပြပွဲတွင် ဆရာဝန်နှင့်ဆေးဝါးနားလည်ကျွမ်းကျင်သူများအား ထားရှိကာ ဝန်ဆောင်မှုပေး ဆောင်ရွက်သွားမည် ဖြစ်သည်။
အလားတူ လာမည့် ဖေဖေါ်ဝါရီလအတွင်း ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း အရောင်းစင်တာများကို ထပ်မံဖွင့်လှစ်၍ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ တိုက်ရိုက်ဆေးဝါးရောင်းချခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဆေးဝါးသုံးစွဲသူ ပြည်သူများအနေဖြင့် မိမိတို့ကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများအား အဆိုပါ ဆေးဝါး အရောင်းစင်တာများတွင် လေ့လာကြည့်ရှု ဝယ်ယူနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေဖြင့် အဆိုပါ ဆေးဝါးတိုက်ရိုက်ရောင်းချပွဲများကိုပထမအကြိမ်အနေအဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်နှင့် ဩဂုတ်လ တို့တွင် ရန်ကုန်၊ နေပြည်တော် နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အရောင်းစင်တာများဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။