ယနေ့ မတ် ၂၈ ရက်မွန်းတည့် ၁၂ နာရီကျော်ခန့်က မန္တလေးမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သောငလျင်ဒဏ်ကြောင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုရှိ ငလျင်ဒဏ်သင့်နေရာများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရအရေးပေါ်အခြေအနေအဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ခဲ့သည်။
အင်အားအလွန်ပြင်းထန်သည့်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်(အရှေ့မြောက်ဒေသ)၊ ပဲခူးတိုင်းတို့တွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယင်း ငလျင်ဒဏ်သင့်နေရာများကို အရေးပေါ်အခြေအနေအဖြစ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရမှ ယင်း ဒေသများ၌ ပျက်စီးဆုံးရှုံးမှုများအား အလျင်အမြန်စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောလျင်စွာဆောင်ရွက်ခြင်းတို့ကို ဆောင် ရွက်လျက်ရှိကာ လိုအပ်သည့် သဘာဝဘေးအန္တ ရာယ်ကူညီကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိ စေရေး အတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့ ဆောင်ရွက်၍ အချိန်မီရရှိလာသောသတင်းများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီကအချိန်နှင့်တစ်ပြေးညီ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် ဖြစ်ပေါ်လာနိုင်သော ကောလဟလများအပေါ် သတိထားဆင်ခြင်ကြရန်နှင့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ ဒေသ ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြရန်လည်း တိုက်တွန်းထားသည်။
ယနေ့ မတ် ၂၈ ရက်မွန်းတည့် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်က မန္တလေးမြို့၏ အရှေ့မြောက်ဘက်(၂၀) ကီလိုမီတာခန့်အကွာ၊ မြောက်လတ္တီတွဒ်(၂၂ ဒသမ ၀၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၆ ဒသမ ၂၃)ဒီ ဂရီ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၇ ဒသမ ၇)အဆင့်ရှိ အင်အားအလွန်ပြင်းထန်သောငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်(၃)ခုခန့်ထပ်မံလှုပ်ရှားခဲ့ကြောင်း သိရသည်။