နေပြည်တော်၌ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်မှစတင်၍ ၅ ရက်ကြာကျင်းပမည့် MSME ထုတ်ကုန်ပြပွဲကိုသွားရောက်ပြသမည့် ကချင်ပြည်နယ်မှ MSME လုပ်ငန်းရှင်များအား ပြည်နယ်အစိုးရအဖွဲ့မှပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ MSME ထုတ်ကုန်ပြပွဲတွင် ကချင်ပြည်နယ်မှ ဒေသထွက်ထုတ်ကုန်ပစ္စည်းများအား သွားရောက်ခင်းကျင်းပြသနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ဦးဆောင်၍ ယနေ့ ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းကကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်မှ ယခုနှစ် MSME ထုတ်ကုန်ပြပွဲ၌ ပြိုင်ပွဲအဖြစ် MSME လုပ်ငန်းများနှင့် ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP)ထုတ်ကုန်လုပ်ငန်းများကို သီးခြားဆုများအဖြစ် ချီးမြှင့်ပေးအပ်သွားမည်ဟု ပြောသည်။
ယခုနှစ်ပြပွဲကို ပြည်နယ်ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ရမည်သာမက တိုင်းနှင့်ပြည်နယ်အသီးသီးမှ ထုတ်ကုန်များ၊ တီထွင်ဆန်းသစ်များကို လေ့လာနိုင်မည်ဖြစ်ပြီး ဈေးကွက်အချိတ်အဆက်နှင့် အရည်အသွေးမြှင့် ပိုမိုထုတ်လုပ်နိုင်ရေးကိုလည်းချိတ်ဆက်သိရှိနိုင်မည်ဟု ပြောသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများက MSME ထုတ်ကုန်ပြပွဲတွင် ကချင်ပြည်နယ်မှ MSME လုပ်ငန်းရှင်များအနေဖြင့် တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ဆုများရရှိနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိရမည့်အချက်များနှင့် ပံ့ပိုးပေးရမည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။