နှစ်(၈၀)ပြည့်တပ်မတော်နေ့စစ်ရေးပြအခမ်းအနားအား ယနေ့ မတ် ၂၇ ရက်ညပိုင်းက နေပြည်တော်ရှိ စစ်ရေးပြကွင်း၌ကျင်းပရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား စစ်ရေးပြစစ်ကြောင်းများနှင့်အတူ တပ်မတော် (လေ)မှ MiG-29 ဘက်စုံသုံးတိုက်လေယာဉ်(၁)စီးအပါအဝင် လေယာဥ်များကလည်း ပုံစံအမျိုးမျိုးဖြင့်အလေးပြုခဲ့ကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တပ်မတော်(လေ)မှ MiG-29 ဘက်စုံသုံးတိုက်လေယာဉ် (၁)စီးက ရှုရပ်ရှေ့တည့်တည့်မှ မီးကျည်များထုတ်လွှတ်၍၊ MTX – 1 A လေယာဉ်(၁)စီးနှင့် PT-6 လေယာဉ်(၂)စီးတို့က ရှုရပ်၏ရှေ့တည့်တည့်သို့ -Trail Formation ပုံစံ၊ H-125 ရဟတ်ယာဉ်(၂)စီးက Trail Formation ပုံစံ၊ Bell-206 ရဟတ်ယာဉ်(၁)စီးက ရှုရပ်၏လက်ဝဲဘက်မှ လက်ယာဘက်သို့ ပျံသန်း၍ အလေးပြုခဲ့ကြသည်။
ထို့ပြင် Eurocopter ၂ စီးက Echelon Formation ပုံစံ၊ Bell-206 ရဟတ်ယာဉ်(၁)စီးက ရှုရပ်၏ ရှေ့တည့်တည့်မှ ဒုတိယအကြိမ် ပျံသန်း၍၊ Eurocopter (၂)စီးက Echelon Formation ပုံစံဖြင့် ဒုတိယအကြိမ် ပျံသန်း၍၊ BEECH 1900D အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်(၁)စီးက ရှုရပ်၏ အရှေ့ညာ ၄၅ ဒီဂရီမြင်ကွင်းမှ ၀၂၅ ဒီဂရီလမ်းကြောင်းအတိုင်း ပျံသန်း၍၊ ATR 72 သယ်ယူပို့ဆောင်ရေးလေယာဉ်(၁)စီးက ရှုရပ်၏ ရှေ့တည့်တည့် တောင်မှမြောက်သို့ ပျံသန်း၍လည်း အလေးပြုခဲ့ကြသည်။
ထို့အတူ K-8 W တိုက်ခိုက်ရေးလေယာဉ်(၂)စီးက ရှုရပ်၏အရှေ့ညာ ၄၅ ဒီဂရီမြင်ကွင်းမှ ၀၂၅ ဒီဂရီလမ်းကြောင်းအတိုင်း Echelon Formation ပုံစံ၊ Su-30 SME စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံးအ ကြီးစားတိုက်လေယာဉ်(၂)စီးက Echelon Formation ပုံစံဖြင့်(၂)ကြိမ်ပျံသန်း၍ ရှုရပ် ရှေ့တည့်တည့်မှ မီးကျည်များထုတ်လွှတ်၍ လည်းအလေးပြုခဲ့ကြသည်။
ထို့ပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း)အမျိုးသမီးစစ် ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့အမျိုးသမီးစစ်ရေးပြတပ်ခွဲတို့ပါဝင်သည့် စစ်ရေးပြစစ်ကြောင်းကြီးများ၊ အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်းတို့အား ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှစစ်ဆေး၍ စစ်ကြောင်းကြီးများ၏ အလေးပြုခြင်းကိုခံယူခဲ့သည်။
ထို့အတူ စစ်ကြောင်းကြီးများ စစ်ရေးပြကွင်းသို့ချီတက်ချိန်၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့အပါအဝင် တက်ရောက်လာကြသူများက ဂုဏ်ပြုပန်းကုံးများစွပ်၍ကြိုဆိုခဲ့ကြပြီး အခမ်းအနားသို့ ရုရှားနိုင်ငံ ဒု-ကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin နှင့်အဖွဲ့ဝင်များ၊ ဘီလာရုစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Lieutenant General Viktar Gennadyevich Khrenin နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။
နှစ်(၈၀)ပြည့်တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် စစ်ကြောင်းကြီးများချီတက်ရာလမ်းကြောင်း တစ်လျှောက်၌ စစ်ကြောင်းများ၏ကိုယ်စားပြုအရောင် အလှမီးများ၊ မီးအလှထွန်းသည့် Truss Beam များ၊ မီးဆိုင်းများ၊ Light Box များ၊ Lighting Pole များ၊ စစ်ရေးပြကွင်းကြီး၏ အဝင်မုခ်ဦးတွင် LED Strip Light များအသုံးပြု၍ စစ်ကြောင်းကြီးများ၏ ကိုယ်စားပြုအရောင်များအတိုင်း ပြောင်းလဲအလှဆင်ထားကာ လမ်းဘေးဝဲယာတစ်လျှောက်တွင်လည်း မိုးစက်မီးများ၊ Up Light များ၊ Program LED Strip Light များ၊ ရောင်စုံအလှမီးများဖြင့်ဆင်ယင်ထားပြီး စစ်ကြောင်းကြီးများအား ဂုဏ်ပြုကြိုဆိုပါ၏ စာတန်းများ၊ နိုင်ငံတော်အလံနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ)အလံများကို Lighting Effect မီးအလှများဖြင့်ပုံဖော်ထားသည်။
ထို့အတူ စစ်ရေးပြကွင်းအတွင်း အလေးပြုခံစင် မြင့်မျက်နှာမူရာရှိသစ်ပင်များ၌လည်း Handmade အလှမီးများ၊ မင်းကြီးသုံးပါးရုပ်တုအောက်ခံ၌ တပ် မတော်အလံပုံဖော်ထားသည့် ကြယ်တံဆိပ်နှစ်ခုအား LED Strip Light များ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြန်လည်ထွက်ခွာမည့် လမ်းတစ်လျှောက်တွင်လည်း Flag Light Box များ၊ LED Strip Light များဖြင့်ပုံဖော်အလှဆင်ထားသည်။