၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀) ခန့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝန်ကြီးဌာနအဆင့်၌ စုစုပေါင်း အားကစားသမား (၅၂၀၀) ကျော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်၌ အားကစားသမား (၆၆၀၀) ကျော်နှင့် မသန်စွမ်းအားကစားသမား (၁၄၀) ကျော်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။
အဆိုပါ အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၉) ရက်နှင့် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၂၀) ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲများကို ဒီဇင်ဘာ (၂) ရက်မှစတင်ကာ နေပြည်တော်ရှိ အားကစားကွင်းများ၊ အားကစားရုံများကျင်းပသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနအဆင့် အားကစားနည်း (၆)နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း (၂၃) နည်း၊ မသန်စွမ်းအားကစားသမားများအတွက် အားကစားနည်း (၄)နည်းပါဝင်မည်ဖြစ်သည်။
ဝန်ကြီးဌာနအဆင့် အသင်းလိုက် အားကစားနည်းများအတွက် ပွဲစဉ်ဇယား မဲနှိုက်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၀ ရက်ကကျင်းပခဲ့ရာ ဝန်ကြီးဌာနအဆင့်အသင်းများမှ အားကစားသမားများသည် ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး)၊ ဘောလုံး (အမျိုးသား)၊ ဖူဆယ် (အမျိုးသား)၊ ဂေါက်သီး (အမျိုးသား)၊ ပိုက်ကျော်ခြင်း (အမျိုးသား) နှင့် ဘော်လီဘော (အမျိုးသား) စသည့် အားကစားနည်း (၆)နည်းကို ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။