ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၂၉)လမ်းနှင့် (၃၀)လမ်းကြား၊ မဟာဗန္ဓုလလမ်းပေါ်ရှိ“တိတ်ရှိန်”ရွှေဆိုင်တွင် ယနေ့ မတ် ၂၃ ရက်နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က အမျိုးသား(၄)ဦးမှ ကော်ေ-သနတ်ပြခြိမ်းခြောက်၍ ရွှေထည်(၂၀) ကျပ်သားခန့်ကိုလုယက်ယူဆောင်သွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Mask တပ်ဆင်ထားသည့် အမျိုးသား(၄)ဦးမှ မဟာဗန္ဓုလလမ်းပေါ်ရှိ “တိတ်ရှိန်”ရွှေဆိုင်အတွင်းသို့ရောက်ရှိလာပြီးနောက် ဆိုင်ပိုင်ရှင်၏သမီးဖြစ်သူနှင့် ဆိုင်ဝန်ထမ်းများကို ကော်ေ-သနတ်ပြခြိမ်းခြောက်၍ မှန်ကောင်တာအတွင်းရှိ ငွေကျပ်သိန်း(၁၂၀၀)ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံ(၂၀)ကျပ်သားခန့်ကို လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များနှင့် ပန်းဘဲတန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြု လုပ်ပြီးနောက် ဖြစ်စဥ်အား (ပ)၃၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းမှုများပြုလုပ်ခဲ့ကြသဖြင့် ပြစ်မှုကျူးလွန်စဥ်ကအသုံး ပြုခဲ့သည့် YGN-42 AA-1938 နံပါတ်တပ်ဆင်ထားသော Toyota Corolla (အဖြူရောင်) Taxi အားနံနက် ၁၁ နာရီခန့်တွင် ကားမောင်းသူ စည်သူကျော်(၄၃)နှစ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်သူများဖြစ်သည့် လင်းသန့်အောင်(၁၈)နှစ်၊ သက်ထူးဇင်(၂၀)နှစ် ၊ ကောင်းခန့်သူရ(ခ)ဝသုန်(၁၉)နှစ်၊ မင်းခန့်ကို(ခ) ဖိုးကာ(၁၉)နှစ်တို့အား အနက်ရောင်ကော်ေ-သနတ် (၁)လက်၊ သံဖြတ်လွှ(၃)ချောင်း၊ လုယက်ယူဆောင်ရာမှရရှိသည့် ရွှေလက်ကောက်မျိုးစုံ(၅၁)ကွင်း၊ ရွှေလက်စွပ်မျိုးစုံ(၃၇)ကွင်းတို့နှင့်အတူ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှ “တိတ်ရှိန်”ရွှေဆိုင်အား ေ-သနတ်ပြခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအားလုယက်မှုကျူးလွန်သူ(၄)ဦးအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ အခင်းဖြစ်ပြီး (၆)နာရီအတွင်းဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရန် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။