လွန်ခဲ့တဲ့ ၂ဝဝဝ ပြည့်နှစ်ကျော် ဝန်းကျင်က မိန်းကလေး Girls Band တွေထဲမှာ နာမည်ကြီး Girls Band တစ်ခု ရှိခဲ့ပါတယ်။ အဲဒီ Girls Band ကတော့ NO ပါ။ သူတို့ရဲ့ သီချင်း တော်တော်များများက မိန်းကလေး အများစုရဲ့ ခံစားချက်နဲ့ တိုက်ဆိုင်လို့ သူတို့ သီချင်းတွေ ထွက်လာတိုင်း ပရိသတ်တွေ သည်းသည်းလှုပ် အားပေးခဲ့ကြတာ အဲဒီကာလက ဆယ် ကျော်သက်တွေ မှတ်မိကြဦးမှာပါ။ အခုဆို ဖေဖော်ဝါရီ လ ၄ ရက်နေ့မှာ ကျင်းပမယ့် Back to Millennium Concert ပွဲအတွက် ဖျော်ဖြေမယ့် အဖွဲ့တွေထဲမှာ NO အဖွဲ့လည်း ပါဝင်ဖျော်ဖြေ မှာ ဖြစ်ပါတယ်။ ဒါကြောင့် NO အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ရတနာကို ပရိသတ် နဲ့ ပြန်လည် တွေ့ဆုံမယ့် ခံစားချက်ကို မေးမြန်းဖြစ်တဲ့အခါ
“အမှန်အတိုင်း ပြောရရင် အစ်မတို့က ပရိသတ် နဲ့ နည်းနည်း အဆက် အသွယ် ပြတ်တယ်ပေါ့နော်။ သင်္ကြန်တို့ ဘာတို့မှသာဆိုတာပေါ့။ ဒီလို မျိုး လုပ်မယ် ဆိုတော့ တော်တော်များများ က စိတ်ဝင်စားကြတယ်။ လာ ကြည့်မယ့် သူတွေကလည်း လူငယ်တွေထက် အစ်မ တို့နဲ့ တစ် ပြေးညီတက် လာတဲ့ အသက်အရွယ် မတိမ်းမယိမ်းတွေပေါ့။ ဖေ့စ်ဘုတ်မှာ ဆိုရင်လည်း လာကြည့်ကြမယ်၊ ဘယ်သီချင်းလေးတော့ ဆိုပေးပါ အဲဒီလိုမျိုး ပြောကြတော့ အစ်မတို့ လည်း အားရှိတာပေါ့။ Acid တို့၊ Teens တို့၊ Examplez တို့ဆိုတာကလည်း အစ်မတို့ သီချင်း မဆိုခင်ကတည်းက အောင်မြင်တော့ အစ်မတို့က သူတို့ ပရိသတ်ဖြစ်ခဲ့တာလေ။ အဲဒီလို အခုလို တစ်စု တစည်းတည်း စင်ပေါ် မှာ ဖျော်ဖြေ ရမယ် ဆိုတော့ အစ်မတို့ အနေနဲ့လည်း စိတ်လှုပ်ရှားတယ်။ လာကြည့်မယ့် ပရိသတ် တွေလည်း ပျော်ကြလိမ့်မယ် ထင်တယ်”လို့ No အဖွဲ့ ကိုယ်စား ရတနာကပြောပါတယ်။ No အဖွဲ့ အနေနဲ့ ဘာလိုသေးလဲ၊ ရိုးသွားပြီလား၊ မငြင်းပါနဲ့၊ No Unplugged စတဲ့ တေးစီးရီးခွေ ၄ခွေ ထွက်ရှိခဲ့ပြီး အတွဲ တေးစီးရီးပေါင်း များစွာမှာလည်း ပါဝင် သီဆိုထားပါတယ်။ ခေတ်ကာလ တစ်ခုကို ကျော်ဖြတ် လာခဲ့ တဲ့အခါမှာ လက်ရှိ မျက်မှောက်ခေတ်ကတော့ Girls Band တွေလည်းသိပ် မရှိတော့သလို Music ပုံစံလေးတွေ လည်း ပြောင်းလဲ သွားပါပြီ။ အဲဒီ အပေါ် ရတနာ(NO) ရဲ့ အမြင်က
“အစ်မတို့တုန်းက သီချင်း အေးအေးလေးတွေနဲ့ Pop ဘက်ကိုပို ရောက်တာပေါ့နော်။ ဒီဘက်ခေတ် ကျတော့ R&B နဲ့ Dance ဘက်ကို ပိုရောက်တာ ပေါ့နော်။ အစ်မတို့တုန်း ကလည်း ကခဲ့ပေမယ့် တကယ်တမ်း ဒီဘက်ခေတ် နဲ့ပြန် ယှဉ်လိုက်ရင်တော့ မတူတော့ ဘူးပေါ့။ ခေတ်ကလည်း ပြောင်းသွားတာကိုး။ အခုခေတ်က အကလေးတွေ နဲ့ဆိုတော့ ပိုကြည့် ကောင်းတာပေါ့။ အဝတ်အစား ကအစ ခေတ်မီ တယ် လေ”လို့ပြောပါတယ်။
မကြာခင် ပြန်လည်ဖျော်ဖြေ ရတော့မှာဆိုတော့ သီချင်းတိုက် နေပြီလားလို့ မေးတဲ့အခါ “သီချင်းက တိုက်စရာတောင် သိပ်မလိုဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အစ်မတို့က ကြားထဲမှာ ရည်မွန် ကလေးမမွေး ခင် မင်္ဂလာဆောင်တွေ၊ မွေးနေ့ Dinner တွေ အတူ ဆိုနေတော့ လေ။ သီချင်းတွေ သေသေချာချာ ရွေးရမှာပေါ့။ ပရိသတ်တွေကို လည်း ဘာသီချင်း ဆိုစေချင်လဲ ဆို တာမေးနေတုန်းပဲ။ အဝတ် အစား ရော၊ သီချင်းရော အဲဒီတုန်းက ပုံစံအတိုင်းပဲ ဖျော်ဖြေရင် ကောင်း မလားလို့ စဉ်းစားနေပါတယ်” လို့ ရတနာ ကပြောပြခဲ့ပါတယ်။
မျိုးမောင်