ပါကစ္စတန် ဓာတ်အားပြတ်တောက်မှုကြောင့် မိုဘိုင်းလ်နှင့်အင်တာနက်ဝန်ဆောင်မှုများရပ်ဆိုင်းနိုင်
အစ္စလာမာဘတ်၊ဇူလိုင် ၁
နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပြတ်တောက်မှုကြောင့် မိုဘိုင်းနှင့်အင်တာနက်ဝန်ဆောင်မှုများ ရပ်ဆိုင်းသွားနိုင်ကြောင်းပါကစ္စတန် တယ်လီကွန်းအော်ပရေတာများကသတိပေးထားသည်။
“ပါကစ္စတန်ရှိ တယ်လီကွန်းအော်ပရေတာများသည် နိုင်ငံတစ်ဝန်းတွင် နာရီပေါင်းများစွာ ဓာတ်အားပြတ်တောက်မှုကြောင့် မိုဘိုင်းနှင့်အင်တာနက်ဝန်ဆောင်မှုများကို ပိတ်ပစ်ရနိုင်သည်ဟုသတိပေးခဲ့ကြောင်း” Pakistan National Information Technology Board (NITB) မှတွစ်တာတွင်ရေးသားခဲ့သည်။
ဝန်ကြီးချုပ် Shehbaz Sharif က ဇူလိုင်လတွင် တိုင်းပြည်သည်ပိုမိုကြီးမားသည့် ဝန်ထုပ်ဝန်ပိုးကို ရင်ဆိုင်ရနိုင်သည်ဟု သတိပေးပြီးနောက် ရက်ပိုင်းအတွင်း ယခုကြေငြာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
ပါကစ္စတန်အစိုးရအနေဖြင့် သဘောတူညီချက်ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သော်လည်း လိုအပ်သော သဘာဝဓာတ်ငွေ့ရည် (LNG) ထောက်ပံ့မှုကို မရရှိနိုင်ကြောင်းတနင်္လာနေ့တွင် ၎င်းက ပြောကြားခဲ့သည်။
ပါကစ္စတန်တွင် အစိုးရ၀န်ထမ်းများအတွက် အလုပ်ချိန်များကို လျှော့ချခဲ့ပြီး ကရာချီအပါအဝင်မြို့အသီးသီးရှိ စက်ရုံများကိုလည်း စောစောပိတ်ရန်၊စျေးဝယ်စင်တာများနှင့် စက်ရုံများကို စွမ်းအင်ချွေတာရန်ပါအမိန့်ပေးထားသည်။
အစိုးရအနေဖြင့်လည်းလောင်စာပိုမိုဝယ်ယူနိုင်ရေး ကာတာနှင့်စကားပြောနေသည်ဟု ပါကစ္စတန် ဘဏ္ဍာရေးဝန်ကြီး Miftah Ismail ကပြောကြားခဲ့သည်။
ပါကစ္စတန်တွင် ဓာတ်အားပြတ်တောက်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဓာတ်အားနှင့် စွမ်းအင်ရင်းမြစ်များ နည်းပါးခြင်းကြောင့်ဖြစ်သည်။နိုင်ငံတွင် လောင်စာဆီပြတ်လပ်မှုနှင့် အဓိကရင်ဆိုင်နေရပြီး ပြည်နယ်အများအပြားတွင် ၁၂ နာရီကြာမီးပျက်သွားခဲ့ပြီး လောင်စာဆီပြတ်တောက်မှုကြောင့် လျှပ်စစ်ဓာတ်အားပေးဝေမှုတွင်လည်း ကြီးမားသောထိခိုက်မှုနှင့်ကြုံနေရသည်။
ရုရှားနှင့်ယူကရိန်းတို့ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ပြတ်လပ်မှုနှင့် လောင်စာဆီပြတ်လပ်မှု လည်းပေါ်လွင်လာသည်။
Source – Wio News