ပါရာဆဲလ်ကျွန်းများအနီး ဝင်လာသည့် အမေရိကန်စစ်သင်္ဘောများကို တရုတ်စစ်တပ်က သတိပေး မောင်းထုတ်
ဇူလိုင်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့၌ တရုတ်က ၎င်း၏ရေပိုင်နက်ဟု ယူဆထားသော တောင်တရုတ်ပင်လယ်ရှိ ပါရာဆဲလ် ကျွန်းများအနီး အမေရိကန်၏ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Benfold သည် တရားမဝင် ဖြတ်သန်းဝင်ရောက်လာသည်ဟုဆိုသည်။ ထို့ကြောင့် တရုတ်စစ်တပ်က ၎င်းသင်္ဘောအားဝေဟင်နှင့် ရေကြောင်းတပ်ဖွဲ့များပူးပေါင်း ခြေရာခံ၍ သတိပေးကာ မောင်းထုတ်ခဲ့ကြောင်း ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်း စစ်ဌာနချုပ် (PLA) က ထုတ်ပြန်ခဲ့သည်။
အဆိုပါ စစ်သင်္ဘောသည် တရုတ်အစိုးရ၏ ခွင့်ပြုချက်မရဘဲ တရုတ်ရေပိုင်နက်အတွင်းသို့ဝင်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကိုထိခိုက်စေကြောင်း တောင်ပိုင်း စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Tian Junli က ပြောကြားခဲ့သည်။
ထို့နောက် Tian ကယင်းကဲ့သို့ ဝင်ရောက်လာခြင်းသည် အမေရိကန်မှ ရေကြောင်းသွားလာမှုဆိုင်ရာ လွှမ်းမိုးခြင်းနှင့် တောင်တရုတ်ပင်လယ်၌ စစ်အင်အား ဖြည့်တင်းခြင်းများ လုပ်ဆောင်နေသည်ကို ဖော်ပြနေသည်ဟု ဆိုသည်။
USS Benfold ကတော့ နိုင်ငံတကာ ဥပဒေနှင့်အညီ ဖြတ်သန်းသွားလာခြင်းဖြစ်သည်ဟု အမေရိကန်ရေတပ်က ပြောကြားခဲ့သည်။
နိုင်ငံတကာဥပဒေက ခွင့်ပြုထားသည့် နေရာတိုင်း၌ နိုင်ငံတိုင်းမှ ပျံသန်းခွင့်၊ မောင်းနှင်ခွင့်ရှိသဖြင့် တရုတ်၏ပြောကြားချက်သည် မိမိတို့ကိုဟန့်တားနိုင်မည် မဟုတ်ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ပါရာဆဲလ် ကျွန်းများကို တောင်ဗီယက်နမ်အစိုးရထံမှ ၁၉၇၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့သည်။
တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို တရုတ်နိုင်ငံက ၎င်း၏ပိုင်နက်အဖြစ် အခိုင်အမာဆိုထားသည်။ သို့ရာတွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဘရူနိုင်းတို့ အားလုံးသည် ၎င်းတောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မကြာခဏ အငြင်းပွားမှု ဖြစ်ပွားလေ့ရှိသည်။
Source: Chinadaily/Reuters