ပုသိမ်ကြီးမြို့နယ်၌ ရပ်ကျေးအဖွဲ့ဝင်တစ်ဦး နေအိမ်၌ရှိနေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ
မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊ဆင်ရွာကြီးကျေး ရွာအုပ်စု၊စိမ်းလဲ့ကန်သာကျေးရွာ၏ ရပ်ကျေးအ ဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးသန်းဆွေသည် ဇွန် ၁၉ ရက်မွန်းလွဲပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။
ဦးသန်းဆွေသည် စိမ်းလဲ့ကန်သာကျေးရွာ ရပ်ကျေးအဖွဲ့၏ ရာအိမ်မှူးတစ်ဦးဖြစ်ကာ ယင်းနေ့မွန်းလွဲ ၂ နာရီခွဲခန့်က နေအိမ်၌မိသားစုဝင်များနှင့်အတူရှိနေစဥ် အမည်မသိအမျိုးသား ၃ ဦးမှ ဆိုင်ကယ်ဖြင့်ဝင်ရောက်လာကာသေနတ်များဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သေနတ်သံကြားပြီး သူ့အိမ်ထဲကနေ ဆိုင်ကယ်ကိုအမြန်မောင်းထွက်သွားကြတဲ့လူတွေတွေ့လိုက်တယ် သွားကြည့်တော့ ရာအိမ်မှူးကသွေးအိုင်ထဲမှလဲကျပြီး သေနေတာကိုတွေ့တာ”ဟုကျေးရွာနေသူတစ်ဦးကပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးဦးသန်းဆွေ၏ ဝမ်းဗိုက်၊ဘယ်ဘက်နံစောင်း၊ရင် ညွန့်၊လက်ကောက်ဝတ်နှင့်ဦးခေါင်းဘယ်ဘက်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်နေရာမှ ကျည်ခွံ ၁၁ ခုနှင့်ကျည်ဆံ ၂ တောင့်အား လုံခြုံရေးအဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။