ယခုနှစ်၏ ရာသီဥတုတွင် အယ်လ်နီညိုရာသီတဖြည်းဖြည်းကျလာပြီး စိုစွတ်အေးမြသည့် လာနီညာရာသီလာမည်ဖြစ်ကြောင်း မိုးရာသီမှ ဆောင်းရာသီအထိ လာနီညာ သည် ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ တောက်လျှောက်တတ်လာမည်ဖြစ်ကြောင်း သိရသည်။
ယင်း စိုစွတ်အေးမြသည့် ရာသီဥတုကြောင့် ရေကြီးရေလျှံဖြစ်စဉ်များ မုန်တိုင်းငယ်လေးများ အကြိမ်ရေများများဖြစ်ပေါ်လာနိုင်ကြောင်းလည်း သိရသည်။
သို့သော် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးအချို့တွင် မြင့်မားလာနိုင်မည့် အပူဒဏ်ကို သတိထားရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေး ပြောကြားထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဆေးရုံများတွင် အပူဒဏ်နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာသည့် ရောဂါ အမျိုးမျိုးကြောင့် ဆေးရုံတက်ရောက်ကုသသည့် လူနာပေါင်း ၄၀၀ ခန့်ရှိကြောင်း ရန်ကုန်ဆေးရုံကြီးက ထုတ်ပြန်ထားသည်။
ယခုနွေ့ရာသီတွင်လည်း အပူဒဏ်ကြောင့် ဖြစ်ပေါ်သည့် ကျန်းမာရေထိခိုက်မှုဖြစ်စဉ်များနှင့် အပူကြောင့်အသက်ဆုံးရှုံးရမှုများ ဆယ်နှင့်ချီရှိနေပြီဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် နွေရာသီကာလ အပူချိန်မြင့်မားနေနှင့်ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အောက်မြန်မာပြည်ဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်ရီရီငြိမ်းက
” နွေရာသီဆိုတော့ ပူတာပေါ့။ ဒါပေမဲ့ အယ်လ်နီညိုသက်ရောက်မှုကြောင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ်လျော့ကျလာတယ်။ အပူချိန်က ၄၀ ကျော်အထိမြင့်တက်လာပြီး မိုးရွာချတယ်။ မိုးတိမ်တောင်တွေဖြစ်ပြီး မိုးဖွားလေးတွေကျတဲ့အတွက် အပူချိန်ကလျော့လာနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။