ပေါက်မြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင် ပန့်စက်ရုံ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံရ
မကွေးတိုင်းဒေသကြီး၊ပေါက်မြို့နယ်၊သမားတော်ကျေးရွာအနောက်ဘက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင် ရေမောင်းနှင်သည့် ပန့်စက်ရုံအား ဧပြီလ၉ရက်နေ့နံနက်ပိုင်းက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းကို ခံခဲ့ရကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
“ရေပို့တဲ့ပန့်စက်ရုံကိုပဲ လက်လုပ်မိုင်းနဲ့ ဖောက်ခွဲဖျက်ဆီးသွားတာပါ။လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ရေပန့်စက်ကတော့ တော်တော်ပျက်ဆီးသွားပါတယ်´´ဟုတာဝန်ရှိသူတစ်ဦးကပြောသည်။
ဖြစ်စဉ်မှာ ပေါက်မြို့နယ်၊ သမားတော် ကျေးရွာ၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင်၊ လက်ပံတိုနှင့်သာကြီးတောင်ရေနံမြေတို့သို့ ရေမောင်းနှင်ပေးပို့သည့် ရေမောင်းနှင်သည့် ပန့်စက်ရုံအား ဧပြီလ ၉ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ပန့်စက်ရုံဝင်းအတွင်းရှိ ရေမောင်းနှင် လျက်ရှိသည့် အမေရိကန်နိုင်ငံထုတ် အင်ဂျင်ပန့်စက် ၂ လုံး၏ ကွန်ပျုတာဘောက်နှင့် အော်တိုနေတာ စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း ၁၀၀ ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။