မန္တလေးတိုင်း၊ ညောင်ဦးမြို့တွင် ယနေ့ နိုဝင်ဘာ ၂၀ ရက်ည ၆ နာရီ ၅၀ မိနစ်ခန့်က ပေ ၃၀ ခန့်အရှည်ရှိသည့် တမာပင်ကိုင်းကျိုးကျခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ညောင်ဦးမြို့၊ အမှတ် ၁ ရပ်ကွက်၊ သာယာဝတီ (လ)ရပ်၊ အလုပ်သမား(ကုန်တင်ကုန်ချ)ရုံးရှေ့တွင် ပင်စည်လုံးပတ်(၆)ပေပတ်လည်ခန့်၊ အမြင့်ပေ(၅၀)ခန့်၊ နှစ်(၄၀)ခန့်သက်တမ်းရှိ တမာပင်၏ လုံးပတ်(၃)ပေပတ်လည်ခန့်၊ အရှည်ပေ(၃၀)ခန့် တမာပင်ကိုင်းသည် ပိုးစား၍ကျိုးကျကာ လမ်းပိတ်ဆို့သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များ၊ အမှတ်(၅)နှင့်အမှတ်(၁)အရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းရှင်းလင်းခဲ့ကြသဖြင့် ည ၇ နာရီ ၂၀ မိနစ်တွင် ရှင်းလင်းပြီးစီးခဲ့ကြောင်း သိရသည်။
ထိုသို့ တမာပင်ကိုင်းကျိုးကျခဲ့သဖြင့် 200 KVA ထရန်စဖော်မာအိုး(၁)လုံး၊ လျှပ်စစ်ဓာတ်တိုင်(၂) တိုင်၊ Main Pannel Box (၂)လုံး၊ Main Coded Cable ( 95 mm2 )ကြိုး(၃)ချောင်းနှင့် ဆက်စပ်ပစ္စည်းများပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ပျက်စီးဆုံးရှုံးခဲ့ရသည်များကို လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက အမြန်ဆုံးပြန်လည်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် စစ်ဆေးကြည့်ရှုလျက်ရှိကြောင်း သိရသည်။