ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၇ ဦးအား မိဘများထံပြန်လည်အပ်နှံ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ၌ သင်တန်းတက်ရောက်ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၇ ဦးအား ဇွန် ၁၉ ရက်က မိဘများထံပြန်လည်အပ်နှံပေးခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။
ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၆ ခုမှ PDF အဖွဲ့ဝင် အမျိုးသား ၇ ဦးအား ရန်ကုန် တိုင်းအစိုးရအဖွဲ့ရုံး၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်ခိုင်နှင့်တာဝန်ရှိသူများက ပြန်လည်အပ်နှံပေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြန်လည်အပ်နှံရာတွင် ဥပဒေဘောင်အ တွင်းပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် အမျိုးသား ၇ ဦးအားထောက်ပံ့ပစ္စည်းများကိုလည်းပေးအပ်ခဲ့ကြသည်။
နစက မှ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအား နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြန်လည်ဝင်ရောက်မည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။
ထိုသို့ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဥပဒေဘောင်အတွင်းသို့ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၃၈ ဦးရှိပြီဖြစ်ကြောင်း ဇွန် ၁၆ ရက်ကပြုလုပ်သည့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၆ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲ၌ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။