နစက မှ ပြစ်မှု(၁၀)ခုနှင့်သက်ဆိုင်သည့် ပြစ်ဒဏ်ကျခံနေရသူများမှအပ ကျန် အကျဥ်းသား၊ အကျဥ်းသူများကို ၎င်းတို့ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များ၏ ၆ ပုံ ၁ ပုံလွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း ယနေ့ ဇန်နဝါရီ ၄ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အဖြစ် အမိန့်အမှတ် ၁/၂၀၂၅ ဖြင့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နစက ဥက္ကဋ္ဌမှ ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေး၊ လူမှုရေးအရ ငဲ့ညှာထောက်ထားခြင်းနှင့် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကိုနားလည်စေရန်ရှေးရှု၍ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတစ်ဝှမ်းရှိ အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး၌ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်ပတ်သက်၍ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဥ်းသား၊ အကျဥ်းသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ ၎င်းတို့ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံကို လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ထိုသို့ ၆ ပုံ ၁ ပုံလွတ်ငြိမ်းခွင့်ရသူများအနက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မတိုင်မီ လူသ-တ်မှု၊ မုဒိ-န်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေအရပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်န-က်များအက်ဥပဒေပုဒ်မ ၁၉(စ)အရပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်-နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှုယာယီအက်ဥပဒေအရပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား၊ အကျဥ်းသူများမပါဝင်ကြောင်း သိရသည်။
ထို့ပြင် ၁၉၅၁ ခုနှစ် လက်န-က်ယာယီပြင်ဆင်ချက် အက်ဥပဒေအရပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ် လက်န-က်အမိန့်အရပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်-နက်ဥပဒေအရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဥ်းသား၊ အကျဥ်းသူများလည်းမပါဝင်ကြောင်း သိရသည်။