ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ တာယာစက်ရုံ(ရွာမ)သို့ နိုဝင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိစဉ် ပြည်တွင်းထုတ် တာယာများနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံမှာကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဆိုင်ကယ်စီးရေ(၅)သန်းခန့်ရှိပြီး ပြည်တွင်းတာယာလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် အမြတ်ကိုအဓိကမထားဘဲ အရေအတွက် များများဖြင့် အရည်အသွေးပြည့်မီစွာရောင်းချပေးနိုင်ရေးဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် တာယာစက်ရုံ(ရွာမ)မှ ထုတ်လုပ်သည့် ဆိုင်ကယ်တာယာများအပြင် အခြားပြည်တွင်းမှထုတ်လုပ်သည့် ဆိုင်ကယ်တာယာများ ဈေးကွက်ရရှိရေးကိုလည်း ဆောင်ရွက်ပေးရမည်ဟု ပြောသည်။
ပြည်တွင်းလိုအပ်ချက်အတွက် ပြည်ပမှတင်သွင်းနေရ၍ နိုင်ငံခြားငွေများကုန်ကျနေရပြီး ပြည်သူများအနေဖြင့်လည်း ဈေးနှုန်းကြီးမြင့်စွာဝယ်ယူသုံးစွဲနေရခြင်းကြောင့် ပြည်တွင်းမှထုတ်လုပ်သည့်တာယာများဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရန်ဆောင်ရွက်ရမည်ဖြစ်ကြောင်းကို အလေးထားပြောကြားသည်။
ထို့ပြင် ပြည်တွင်း၊ ပြည်ပဈေးကွက်တိုးမြှင့်ရရှိနိုင်ရေး ဈေးကွက်ရှာဖွေဆောင်ရွက်ရမည်ဖြစ်ကာ စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် လယ်ယာသုံးစက်ကိရိယာများတွင်အသုံးပြုသည့် တာယာများထုတ်လုပ်ပေးနိုင်ရေး၊ ပြည်တွင်း၌ အဆင့်မြင့်ရာဘာနှင့် ရာဘာထုတ်ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့သည်။
တာယာစက်ရုံ(ရွာမ)မှထုတ်လုပ်သည့် TRI STAR တာယာများကို ပြည်ပနိုင်ငံများသို့တင်ပို့လျက်ရှိပြီး အရည်အသွေးကောင်းမွန် ခိုင်ခံ့မှုများကြောင့်ပြည်ပဈေးကွက်တွင် လူကြိုက်များသည့်တာယာအမျိုးအစားအဖြစ်ရပ်တည်လျက်ရှိကာ သုတေသနပြုဆန်းစစ်ချက်များအရ ပြည်ပမှတင်သွင်းသည့် အခြားတာယာများထက် TRI STAR တာယာများမှာ အရည်အသွေးကောင်းမွန်ခိုင်ခံ့မှုရှိ၍ ဈေးနှုန်းမှန်ကန်စွာ ပြည်တွင်း၌ဝယ်ယူသုံးစွဲနိုင်ကြောင်း သိရသည်။