ယခုနှစ်အတွင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေး ဆွေးနွေးနေကြောင်း စက်မှုဝန်ကြီး ဌာနမှ သိရသည်။
ယင်းကဲ့သို့ ကျင်းပနိုင်ရန် ဆွေးနွေးမှုကို နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် တက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၏ အဆိုပြုတင်ပြလာမှုကို အတည်ပြုပြီးပါက ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်အလိုက် စတင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ထို့ပြင် ကျင်းပရေးဦးစီးကော်မတီ၏ အတည်ပြုဆုံးဖြတ်ရန် ကိစ္စရပ်များကို ဆွေးနွေး အတည်ပြုခဲ့ပြီး ပြခန်းများ နေရာချထားမှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ပြခန်းများနှင့် ရိုး ရာစားသောက်ခန်းများ ပါဝင်ပြသရောင်းချမည့်အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြသလို တိုင်းဒေသကြီး၊ ပြည်နယ်များကလည်း ဒေသတွင်း MSME များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရန် ဆွေးနွေးခဲ့ပြီး ပြည်ပသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်အတွက် ဒေသထွက်ကုန်များကို ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင် ပြသရောင်းချလျှင် အကျိုးရှိမည်ဟု ယုံကြည်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။