၂၀၂၄ ခုနှစ်အတွက် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုကဏ္ဍတွင် လက်ရှိလျာထားချက် ပြည့်မီအောင် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းမှ သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကို နှစ်စဉ်တန်ချိန် နှစ်သန်းကျော် ပြည်ပသို့တင်ပို့လျက်ရှိရာတွင် အဓိကပဲသုံးမျိုးဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံကို နှစ်စဉ် (၁ ဒသမ ၅) သန်းကျော်တင်ပို့နေပြီး ယခု ၂၀၂၄ ခုနှစ်အတွက် ပဲတင်ပို့မှုမှာ လျာထားချက်ပြည့်မီအောင် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ တင်ပို့မှုတွင် မတ်ပဲတန်ချိန် (၈) သိန်း၊ ပဲတီစိမ်း (၄)သိန်းခွဲ၊ ပဲစဉ်းငုံ (၂) သိန်းခွဲ တင်ပို့ထားပြီး စုစုပေါင်း (၁ ဒသမ ၅) သန်းကျော်တင်ပို့နိုင်ခဲ့သည်။
ပဲရာသီအစဖြစ်သည့် ဇန်နဝါရီလမှ စတင်ကာ အထူးဈေးကောင်းရရှိခဲ့ပြီး တောင်သူများလည်း အကျိုးအမြတ်ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ် ဖြစ်ကြောင်း သိရသည်။