၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁)ရက်မှစတင်၍ တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် Market Trading Rate တစ်ဒေါ်လာလျှင် ကျပ် ၃၅၈၀ ဝန်းကျင်ဖြင့် အခွန် ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ဒီဇင်ဘာ (၂၇) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ၏ အမိန့်ကြော်ငြာစာအမှတ်
( ၉၀ / ၂၀၂၄)အရ အကောက်ခွန်ဦးစီးဌာနသည် ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီ (၁)ရက်မှစ၍
တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ရည်ညွှန်းငွေ လဲလှယ်နှုန်း (Reference Rate) ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် အခွန်စည်းကြပ်ကောက်ခံလျက်ရှိရာမှ ရည်ညွှန်းငွေလဲလှယ်နှုန်း (Reference Rate) အစား ဈေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) ကို အခြေခံသည့် အပတ်စဉ် နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် ပြောင်းလဲ၍ အခွန်စည်းကြပ် ကောက်ခံမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ထို့ပြင် အခွန်စည်းကြပ် ကောက်ခံရာတွင် အသုံးပြုမည့် ဈေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) ကို အခြေခံ၍ အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) များကိုလည်း အကောက်ခွန်ဦးစီးဌာန၏ Website ၊ Facebook Page များတွင် အပတ်စဉ် ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၆) ရက်တွင် ဗဟိုဘဏ်မှ ထုတ်ပြန်သည့် Market Online Trading Rate သည် တစ်ဒေါ်လာလျှင် (၃၅၈၆) ကျပ်ဖြစ်ကြောင်း ဖော်ပြထားသည့် နှုန်းထားအရ သိရသည်။