ယခု နိုဝင်ဘာလဆန်းပိုင်းမှာ မြန်မာနိုင်ငံစီးပွားရေး လောကအတွက် အရေးကြီးတဲ့ ပြည်ပက သက်ရောက်မှု နှစ်ခုနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ တိုးတက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
တစ်ခုက မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှုကို ကိုင်တွယ်တားမြစ်တာနဲ့ ပတ်သက်တဲ့ Financial Action Task Force (FATF) ရဲ့အစည်းအဝေး ရလာဒ် နဲ့ နောက်တခုက အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ရဲ့ ၃၅၂ ကြိမ်မြောက် Governing Body (ILO-GB) အစည်းအဝေးက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် တို့ပဲဖြစ်ပါတယ်။
FATF အစည်းအဝေး ဆုံးဖြတ်ချက်
မြန်မာနိုင်ငံအနေနဲ့ ငွေကြေးခဝါချမှု အပေါ် စည်းမျဉ်းစည်းကမ်းတွေ၊ မူဘောင်တွေကို စနစ်တကျဖြစ်စေဖို့ လုပ်ဆောင်မှုတွေမှာ တိုးတက်မှုရှိတယ်လို့ ကောင်းမွန်သော သုံးသပ်ချက်ဖြစ်ပါတယ်။ လုပ်ဆောင်မှုသုံးခုကို အသိအမှတ်ပြု လက်ခံထားပါတယ်။ FATF ရဲ့ ထုတ်ပြန်ချက်ထဲမှာ လိုက်နာဆောင်ရွက်ရန် အကြံပြုချက် ၈ ချက် အနက် ၆ ချက်ဆောင်ရွက်ရန် ကျန်ရှိနေပါတယ်။
သက်ဆိုင်ရာတာဝန်ရှိဝန်ကြီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်သူများအားလုံး ပူးပေါင်း ဆောင်ရွက်မှုကြောင့်ရတဲ့ ရလာဒ်ဖြစ်လို့ဆက်ပြီး စနစ်တကျ ဝိုင်းဝန်းကြိုးစားကြရန်လိုတဲ့အခြေအနေဖြစ်ပါတယ်
ILO-GB အစည်းအဝေးဆုံးဖြတ်ချက်
မြန်မာနိုင်ငံအနေနဲ့ ILO convention (၂) ခု ဖြစ်တဲ့ အဓမ္မစေခိုင်းမှုနဲ့ပတ်သက်တဲ့ Convention (၂၉) နဲ့ နောက်တစ်ခုက လွတ်လပ်စွာ အသင်းပင်း ဖွဲ့စည်းခြင်းဆိုတဲ့ Convention (၈၇) တို့ကို လက်ခံလိုက်နာမယ်လို့ ၁၉၅၅ ခုနှစ်ထဲ ကတိကဝတ်ပြုထားပြီး ပြည့်မှီအောင် မဆောင်ရွက်နိုင်ဘူးဆိုတဲ့ စွဲချက်တွေအပေါ် မြန်မာနိုင်ငံကို စုံစမ်းမှုတွေ လုပ်ခဲ့ပြီး စုံစမ်းရေးအဖွဲ့ (Commission of Inquiry) က မြန်မာနိုင်ငံက ဆောင်ရွက်ရမယ့် ပြုပြင်ရန် အချက်များ (recommendation) ကို ထုတ်ပြန်ထားခဲ့တာရှိပါတယ်။
“ဒီအချက်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနဘက်က convention နှစ်ခုကို ပိုမိုလိုက်နာကျင့်သုံးအောင်နဲ့ ဘာတွေဆောင်ရွက်ထားလဲ၊ recommendation တွေကိုဘယ်လောက် ထိပြည့်မှီအောင် ဆောင်ရွက်ခဲ့လဲဆိုတာကိုပြန်တင်ပြတဲ့ “ report back” လုပ်ရမှာပါ။
အခုအချိန်ထိ ILO-GB အစည်းအဝေးမှာရော ILO ရဲ့ ထုတ်ပြန်ချက်တွေအရရော မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာဌာနတွေရဲ့ တုံ့ပြန်ဖြေရှင်းမှုတွေ၊ report back တွေကို ILO အနေနဲ့ အားမလိုအားမရ ဖြစ်နေတဲ့အနေအထားကို တွေ့နေရပါတယ်”ဟု လေ့လာသုံးသပ်သူတစ်ဦးကဆိုပါတယ်။
ကျင်းပပြီးစီးခဲ့တဲ့ ၃၅၂ ကြိမ်မြောက် ILO-GB အစည်းအဝေးမှာ မြန်မာနိုင်ငံက COI ရဲ့ recommendation တွေကို ပြည့်မှီအောင် မလုပ်ဆောင်နိုင်တဲ့အတွက် လာမယ့် ၂၀၂၅ ခုနှစ်၊ ဇွန်လမှာကျင်းပမယ့် ILO International Labour Conference မှာ တင်ပြကြမယ်၊ ဆွေးနွေးကြမယ်၊ မဲခွဲပြီးဘာဆက်လုပ်မလဲဆိုတာတွေကို စိတ်ဝင်စားနေကြပါတယ်။
စွဲချက်တင်ပြီးရင်အရေးယူ ဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတဲ့အထိ လူမှုကွန်ယက်တွေမှာ သတင်းတွေထွက်နေခဲ့ပါတယ်။
ဒီလဆန်းကထွက်လာတဲ့ ဆုံးဖြတ်ချက်ကတော့ မြန်မာနိုင်ငံအပေါ် Convention နှစ်ခုနဲ့ ပတ်သက်ပြီး လိုက်နာဆောင်ရွက်မှုကိစ္စတွေ၊ အစိုးရရဲ့ တုံ့ပြန်ဖြေရှင်းမှုတွေ report တွေကို အကဲခတ်တာကို မတ်လ ၂၀၂၅ မှာ ကျင်းပမယ့် ၃၅၃ ကြိမ်မြောက် GB မှာ ဆက်ပြီးဆွေးနွေးမယ် ဆိုတဲ့ အရွှေ့အပြောင်းလေး တစ်ခု ဖြစ်သွားခဲ့ပါတယ်။ အစိုးရနဲ့သက်ဆိုင်ရာဝန်ကြီးဌာန တွေကို COI ရဲ့ recommendation နဲ့ပတ်သက်ပြီးတော့ ဖြစ်ပေါ်တိုးတက်မှုတွေ၊ ဘာတွေဆောင်ရွက်ထားတယ်ဆိုတာကို သေသေချာချာ ပြန်ဖြေကြားဖို့ report back လုပ်ဖို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ ၁၅ ရက် အထိILO အနေနဲ့ ရက်သတ်မှတ် ပေးထားပါပြီ။ ဒီ report ကိုလက်ခံရရှိပြီးရင် ILO ညွှန်ချုပ်က GB မှာ ပြန်လည်တင်ပြဆွေးနွေးရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုလည်း ပါဝင် ပါတယ်။
ဒါကြောင့် ဇန်နဝါရီလ ၁၅ ရက် မတိုင်ခင် သေသေချာချာ ဖြေရှင်းပေးနိုင်ခဲ့ရင် နိုင်ငံရဲ့လက်ရှိအနေအထားတစ်ခုကနေ ကောင်းတဲ့အရွေ့တစ်ခုခုကိုပြောင်းသွားနိုင်တဲ့ အခွင့်အရေးရှိနေသေးကြောင်းနားလည်ရပါတယ်။
ဒါနဲ့ပတ်သက်လို့ နားလည်သူတစ်ယောက်က” ILO ဘက်ကတောင်းတဲ့မေးခွန်းတွေက နိုင်ငံရေးကိစ္စတွေနဲ့ တချို့ ကိစ္စတွေရဲ့ အခြေအနေကို တိုးတက်အောင် ဘာတွေလုပ်ထားသလဲဆိုတဲ့ technical ဆန်တဲ့ မေးခွန်းတွေဖြစ်ပါတယ်။သူတို့သိချင်တာကို အရိုးရှင်းဆုံးဖြေတာမျိုး၊ ဝေ့မနေဘဲ အမေးနဲ့ အဖြေကိုက်တာမျိုးဖြေပေးနိုင်ရင်တော့ အဆင်ပြေမှာပါ”ဟု သုံးသပ်ထားပါတယ်။
အနာဂတ်ဖြစ်နိုင်ချေ
FATF နဲ့ ILO-GB တွေရဲ့ လာမယ့် ဆုံးဖြတ်ချက်တွေကအနုတ်သဘောဆောင်သွားခဲ့ရင် အစိုးရတစ်ခုတည်းကို ကွက်ပြီး ထိခိုက်စေမှာ မဟုတ်ပါဘူး။ နိုင်ငံတစ်ခုလုံး၊ စီးပွားရေးတစ်ရပ်လုံး၊ ပြည်သူများအားလုံးအပြင် ပြည်တွင်း၊ပြည်ပမှာရှိတဲ့ နိုင်ငံသား အားလုံးအပေါ် ဘယ်နိုင်ငံရေး အသွေးအရောင်ကိုမှ မထောက်ပဲ ကြီးစွာသော သက်ရောက်မှု ဖြစ်လာမှာပါ။
ဖြေရှင်းနိုင်တဲ့reportကို နိုင်ငံသားအားလုံးအတွက် လက်မလွတ်တမ်းဖြေရှင်းနိုင်ကြပါစေ။