ပြည်သူ့စစ်မှုထမ်းသင်တန်းကျောင်းများတွင်လေ့ကျင့်သင်ကြားမှုများပြုလုပ်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ သွားရောက်တွေ့ဆုံမှုများ ခပ်စိတ်စိတ်ပြုလုပ်လာခဲ့သည်။
ဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းတွင်လည်း ရန်ကုန်တိုင်း၊ အင်းတိုင်တပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းကျောင်းများမှ သင်တန်းသားများအားသွားရောက်တွေ့ဆုံပြီး အမှာစကားများပြောကြားခဲ့သည်။
ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းစစ်သည်တော်များနှင့် စစ်သည်တော်လောင်းများဖြစ်ရန် သင်တန်းတက်ရောက်နေသော သင်တန်းသားများအားလုံးသည် နိုင်ငံ့သားကောင်းရတနာများဖြစ်၍ မိမိကိုယ်ကို မိမိဂုဏ်ယူကြရမည်ဖြစ်ကာ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်အပါအဝင် အခြား စစ်ပညာရပ်များကို စနစ်တကျလေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်၍ တတ်မြောက်ထားသည့် စစ်အတတ်ပညာများကို စနစ်တကျအသုံးချသွားရမည်ဟု မှာကြားသည်။
” စစ်စည်းကမ်းကောင်းမွန်မှုနဲ့ အမိန့်နာခံတတ်မှုက အရေးကြီးပါတယ်။ အမိန့်နာခံမှုရှိမှသာ အ ထက်ကပေးအပ်တဲ့ ရည်မှန်းချက်တာဝန်တွေကိုထမ်းဆောင်ရာမှာ တိကျအောင်မြင်စွာအ ကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မှာကြားသည်။
ထို့ပြင် တပ်မတော်သားဘဝကိုရရှိခံယူထားကြပြီးသူများဖြစ်၍ တပ်မတော်သားများ၏ မွန် မြတ်သည့်ခံယူချက်စိတ်ထားဖြစ်သော တစ်ကြိမ် စစ်သားဖြစ်ပြီးပါက အမြဲတမ်းစစ်သားဖြစ်သည်ဆိုသည့် စိတ်ဓာတ်များခံယူကာ နိုင်ငံ တော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိရမည်ဟု မှာကြားသည်။
” နိုင်ငံတော်မှာ အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့ရတိုင်း နိုင်ငံတော်မပျက်မယွင်း၊ မပြိုကွဲအောင်ထိန်းသိမ်းနိုင်တာက ကျစ်လျစ်ခိုင်မာအင်အား တောင့်တင်းတဲ့ တပ်မတော်တစ်ရပ်ရှိနေခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် တပ်တွင်း၊ တပ်ပြင် စည်းလုံးညီညွတ်ရေးက ပြည့်ဝခိုင်မာနေဖို့အထူးလိုအပ်ပါတယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။
ထို့အတူ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်းမဖြစ်မနေထမ်းဆောင်ကြရမည့် တာဝန်ဖြစ်၍ တပ်မတော်သားများအနေဖြင့် ကျန်းမာရေးကောင်းမွန်ရန် အထူးအရေးကြီးသဖြင့် မိမိကိုယ်ကို ကျန်းမားကြံ့ခိုင်မှုရှိအောင် စနစ် တကျနေထိုင်စားသောက်ရမည်ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မှာကြားခဲ့သည်။